ဒီနွေစျေးကွက်အတွင်းမှာ အသင်းဟောင်းတွေဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေ အတော်လေးကို များပြားခဲ့ပြီး ဒီကစားသမားတွေထဲမှာ ပါဝင်လို့နေတဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ လူကာကူတို့က သူတို့ရဲ့ အသင်းဟောင်းတွေနဲ့ ပြန်လည်လက်တွဲချိန်မှာ သွင်းဂိုးတွေ နိုင်ပွဲတွေကို ဖော်ဆောင်နိုင်ခဲ့ပေမယ့်လည်း အသင်းဟောင်း အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အန်ထရန်ဂရီးဇ်မန်းကတော့ သူရဲ့ ပွဲဦးထွက်မှာ ဘာမှ မယ်မယ်ရရ မလုပ်ဆောင်နိုင်ပဲ ပွဲချိန်(၅၈)မိနစ်မှာပင် လူစားလဲခံခဲ့ရပါသေးတယ်။

Photo Credit : Marca

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ နွေစျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာပဲ သူရဲ့အသင်းဟောင်း အသက်လက်တီကိုအသင်းဆီကို တစ်ရာသီအငှား+အပြီးသတ်ပြောင်းရွှေ့ခွင့်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အက်စပန်ညိုအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာပဲ လူးဝစ်ဆွာရက်ဇ်နဲ့အတူ အသင်းရဲ့တိုက်စစ်မှာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အသက်လက်တီကိုဆီ ပြောင်းရွှေ့ပြီးနောက် နိုင်ငံတကာ ရက်သတ္တပတ်အတွင်းမှာ လက်ရွေးစင်အသင်းအတွက် သွင်းဂိုးတွေပါ ပြန်လည်သွင်းယူလာနို်င်တဲ့ ဂရီးဇ်မန်းဟာ အသက်လက်တီကိုအတွက် ပါဝင်ရချိန်မှာတော့ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပါတယ်။

Photo Credit : FC Barcelona Noticias

ဂရီးဇ်မန်းဟာ အသက်လက်တီကိုအသင်းမှာ ၂၀၁၄ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ ပါဝင်ကစားခဲ့တာဖြစ်ပြီး အသင်းအတွက် သွင်းဂိုးစုစုပေါင်း (၁၃၃)ဂိုးအထိကို သွင်းယူနိုင်ခဲ့သလို အသင်းနဲ့လည်း ယူရိုပါလိဂ်ဖလားနဲ့ စူပါဖလားတို့ကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဘာစီလိုနာကနေ အသက်လက်တီကိုဆီ ပြန်လည်ရောက်ရှိလာချိန် ပွဲဦးထွက်မှာကတော့ ဂရီးဇ်မန်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဆွာရက်ဇ်နဲ့ တွဲဖက်ကစားနိုင်ခြင်းမရှိပဲ သူပါဝင်ကစားခဲ့ရတဲ့ (၅၈)မိနစ်အတွင်းမှာလည်း ဂိုးကန်ချက် (၂)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပြီး အဲ့ဒီ(၂)ကြိမ်လုံး ဂိုးပေါက်တည့်မတ်မှု မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ အသက်လက်တီကိုနည်းပြ ဆီမြွန်နီက သူ့ကို ဂျာအိုဖီးလစ်နဲ့ လူစားလဲခဲ့ရတာဖြစ်ပြီး ကွင်းထဲကနေ ဂရီးဇ်မန်း ထွက်ခွာသွားချိန်မှသာ ကျန်တဲ့ကစားသမားတွေအနေနဲ့ သူတို့ရဲ့ ကစားဟန်ကို ပိုမိုသက်တောင့်သက်သာဖြစ်အောင် ကစားလာနိုင်ခဲ့တယ်လို့ အသက်လက်တီကို ပရိသတ်တစ်ဦးက မှတ်ချက်ပြုထားခဲ့ပါတယ်။ ဂရီးဇ်မန်းရဲ့ အသက်လက်တီကိုအသင်းဟာ အက်စပန်ညိုနဲ့ပွဲစဉ်မှာ နိုင်ပွဲရဖို့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး နာကျင်အချိန်ပို (၉)မိနစ်မှာ သွင်းယူနိုင်ခဲ့တဲ့ သောမတ်စ်လူမာရဲ့ နောက်ကျဂိုးကြောင့်သာ ကပ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။