စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာသွားတဲ့ အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီရဲ့ ကျောနံပါတ် ၁၀ကို အသင်းရဲ့ အလားအလာ အရှိဆုံး လူငယ်ကြယ်ပွင့် အန်ဆုဖာတီထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။

အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်သလို အသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိခဲ့တာကြောင့် အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့သူပါ။

Photo Credit: AS English

ဒါကြောင့် မက်ဆီ တယောက် ဘာစီလိုနာအသင်း ကနေ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့စဉ်က မက်ဆီရဲ့ ကျောနံပါတ် ၁၀ကို အနားပေးဖို့ ဘာစီလိုနာအသင်းထံ တောင်းဆိုခဲ့တဲ့ ပရိသတ်တွေ အများအပြား ရှိခဲ့ပါတယ်။

ဒါပေမယ့် စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းတွေအရ ကလပ်အသင်း တသင်းဟာ ဘောလုံးရာသီ တခုထဲမှာ နံပါတ် ၁ ကနေ နံပါတ် ၂၄ အထိ ကစားသမားတွေ ရှိနေရမှာ ဖြစ်ပြီး အကယ်၍ ကျောနံပါတ် ၁ခုကို အနားပေးလိုပါက ကစားသမား ၂၃ဦးသာ စာရင်းသွင်းလို့ ရမှာ ဖြစ်ပါတယ်။

Photo Credit: AS English

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ ကျောနံပါတ်၁၀ကို အနားမပေးဖို့ ဆုံးဖြတ်ခဲ့ကာ အဆိုပါ ဂန္တဝင် ကျောနံပါတ်ကို အသင်းရဲ့ အလားအလာ အရှိဆုံး လူငယ် ကစားသမား အဖြစ် မက်ဆီကိုယ်တိုင် သတ်မှတ်ထားတဲ့ လူငယ် တိုက်စစ်မှူး အန်ဆုဖာတီဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

အန်ဆုဖာတီ တယောက် မက်ဆီရဲ့ ကျောနံပါတ်၁၀ကို ထမ်းပိုးနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်သွားရမှာပါ။