ရီးရဲလ်ဘက်တစ်အသင်းကို (၅)ဂိုး(၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ဘယ်ဘက်ဒူးဒဏ်ရာကို ရရှိသွားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက်အရွှယ် စပိန်လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး အန်ဆူဖာတီဟာ အခုဆိုရင် ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူသွားရတော့မှာဖြစ်ပြီး ခွဲစိတ်မှုကိစ္စတွေ ပြီးဆုံးသွားခဲ့ပါကလည်း အနည်းဆုံး(၄)လလောက်အထိကို ဆက်လက်အနားယူသွားရတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Photo Credit : Google News Post

အသက်(၁၈)နှစ်အရွှယ်ထိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမားလေးဖာတီဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပွဲတော်တော်များများ ပါဝင်ကစားခဲ့ရပြီး ပြိုင်ပွဲစုံ(၁၀)ပွဲ ပါဝင်ထားခဲ့ကာ သွင်းဂိုး(၅)ဂိုးအထိ ရယူထားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့တဲ့ ဖာတီဟာ ဘက်တစ်အသင်းနဲ့ပွဲမှာတော့ ကံမကောင်းစွာနဲ့ပဲ ဒူးဒဏ်ရာကို ခံစားလိုက်ရတာကြောင့် ပထမပိုင်းအတွင်းမှာပဲ လူစားလဲခဲ့ရသလို ဒဏ်ရာအတိမ်အနက်ကို စစ်ဆေးကြည့်ရာမှာလည်း ခွဲစိတ်မှု ခံယူရမှာဖြစ်ကြောင်းနဲ့ (၄)လလောက်အထိ အနားယူရမှာဖြစ်ကြောင်းကို သိရှိလာခဲ့ရပါတယ်။

Photo Credit : Goal

ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီ လာမာစီယာကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေးဖာတီဟာ မနှစ်က ဘောလုံးရာသီကမှ ဘာစီလိုနာစီနီယာအသင်းအတွက် စတင်ပါဝင်ကစားခဲ့ရတာဖြစ်ပြီး နည်းပြဟောင်းဆယ်တီယန်ရဲ့လက်အောက် ပွဲပေါင်း(၃၃)ပွဲ ပါဝင်ကစားခဲ့ရကာ သွင်းဂိုး(၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဖာတီဟာ အခု နည်းပြသစ်ရော်နယ်ကိုးမန်းရဲ့လက်အောက်မှာလည်း ပုံမှန်ပွဲထွက်ကစားခွင့်တွေကို ပိုင်ဆိုင်ထားခဲ့ရပြီး သူရဲ့အသက်အရွှယ်နဲ့မလိုက်အောင် ပြသထားနိုင်တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လီယွန်နယ်မက်ဆီ ခေတ်အလွန်မှာ အသင်းအတွက် အဓိကအကျဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်မယ့်သူလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အခုတော့ ဖာတီဟာ ဒူးဒဏ်ရာကြောင့် လာမယ့် ၂၀၂၁ခုနှစ် ဧပြီလလောက်အထိကို အနားယူရတော့မှာဖြစ်လို့ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေရတဲ့ ဘာစီလိုနာအသင်းအတွက် ပိုမိုခက်ခဲရဖွယ် ရှိနေပေမယ့် သူရဲ့နေရာမှာတော့ အူစမန်ဒမ်ဘီလီက အစားထိုးဝင်ရောက်ကစားဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီရာသီမှာတော့ လာလီဂါပြိုင်ပွဲအတွင်း (၇)ပွဲအထိ ကစားထားပြီးနောက် (၃)ပွဲသာ အနိုင်ရထားခဲ့ပြီး (၂)ပွဲသရေ (၂)ပွဲရှုံးထားခဲ့ကာ ရမှတ်(၁၁)မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာကို ရောက်ရှိနေရပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ကစားထားခဲ့သမျှ အုပ်စုအတွင်းပွဲစဉ်အားလုံးကိုတော့ အနိုင်ရထားကာ နောက်တစ်ဆင့်တတ်ဖို့ အခြေအနေကောင်းလို့နေပါတယ်။