ဘရိုက်တန်အသင်းဆိုတာက မထင်မရှား ကစားသမားလေးတွေကို အရင်းအနှီး နည်းနည်းလေးနဲ့ ခေါ်ယူပြီး နောက်တစ်နှစ် နောက်နှစ်လောက်အကြာမှာ အမြတ်များများနဲ့ ပြန်လည် ရောင်းထုတ်တက်တဲ့ အသင်းပါ။ ဒီရာသီမှာဆိုရင် ကိုင်စီဒိုက သာဓကပါပဲ။ ဗြိတိန်စံချိန်တင် ပြောင်းရျွေ့ကြေးနဲ့ပါ ပြန်ရောင်းချနိုင်တဲ့အထိ ဘရိုက်တန်အတွက် အကျိုးရှိခဲ့ရတယ်။
ဒီနွေမှာ ဘရိုက်တန်က ကိုင်စီဒို အယ်လစ္စတာ နဲ့ ဂိုးသမား ဆန်းချက်ဇ်တို့လို အဓိက ကစားသမား (၃)ဦးကို ရောင်းထုတ်ရကနေ စုစုပေါင်း ယူရို (၁၈၁)သန်း ရရှိထားခဲ့ပါတယ်။ ဒီလို အဓိက ကစားသမားတွေ အထူးသဖြင့် ကွင်းလယ်မှာ အားထားရတဲ့ ကိုင်စီဒို နဲ့ အယ်လစ္စတာတို့ မရှိတော့ပေမယ့်လည်း ဘရိုက်တန်ကတော့ ပန်းပန်လျက်ပါပဲ။
Photo Credit : The Athletic
ဒီကစားသမားတွေကို လက်လွတ်လိုက်ရပေမယ့် ဂီမောလ် ဂရော့စ်တို့က အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး မောင်းနှင်နေသလို ဘာလီဘာဆိုတဲ့ ဆယ်ကျော်သက် ကစားသမားလေးကိုလည်း အားဖြည့်ခေါ်ယူထားပါသေးတယ်။ ဒါ့အပြင် မီနာလို ဝါရင့် ကစားသမားကြီး နဲ့ ဒါဟုချ်လို ဒေါ့မွန်ကွင်းလယ်လူကိုပါ ခေါ်ယူထားပါတယ်။
ဒါကြောင့်လည်း ဘရိုက်တန်က ဒီရာသီ ပရီးမီးယားလိဂ် (၄)ပွဲ ကစားထားပြီးချိန်မှာ ရမှတ် (၉)မှတ်နဲ့ အဆင့် (၄)နေရာမှာ ရပ်တည်ထားနိုင်ပြီး (၃)ပွဲအထိလည်း အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ကိုင်စီဒို နဲ့ အယ်လစ္စတာတို့ကို ရောင်းချပြီး ယူရို (၁၅၈)သန်း ရရှိခဲ့ပေမယ့် ကွင်းလယ်အတွက် ကစားသမား (၃)ဦး အစားထိုး ပြန်ခေါ်ရမှာတော့ အသုံးစရိတ်က စုစုပေါင်း ယူရို (၂၇)သန်းသာ ရှိခဲ့ပါတယ်။
Photo Credit : Sunday World
အခုလည်း ဘရိုက်တန်ရဲ့ နောက်ထပ် တန်ဖိုးမြှင့် ထုတ်ကုန်လေးတစ်ခုဖြစ်သော အိုင်ယာလန် တိုက်စစ်မှူး အီဗန် ဖာဂူဆန်က မနေ့ညက Amex ကွင်းထဲမှာ နယူးကာဆယ်ဘက်ကို ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါသေးတယ်။
အသက် (၁၈)သာ ရှိနေသေးတဲ့ ဒီချာတိတ်လေးဟာလည်း လာမယ့် အနာဂတ်မှာ ဘရိုက်တန်အတွက် များစွာ အကျိုးပြုဦးမယ့် ကစားသမားတစ်ဦး ဖြစ်လာမှာ သေချာနေပြီး လက်ရှိ သူရဲ့တန်ကြေးက ယူရို သန်း(၃၀)သာ ရှိနေသေးပေမယ့် ဒီထက် (၃)ဆလောက်အထိ ခုန်တက်သွားနိုင်မယ့် အခြေအနေမျိုးကိုလည်း မြင်နေရပါတယ်။ ဘရိုက်တန်အသင်းရဲ့ business ပိုင်း လည်ပတ်မှုကလည်း အတော်လေးကို ဆရာကျလွန်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်ခင်ဗျာ။