ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ အဲဗာတန်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ အနီချီဘီကတော့ သူ့ရဲ့ အသင်းဟောင်းအနေနဲ့ အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းမဆင်းချင်ရင် အသင်းရဲ့ လက်ရှိနည်းပြ လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်ဟာ မကြာသေးမီကမှ ဒါဘီနဲ့ ချယ်လ်ဆီးနည်းပြဟောင်း ဖရန့် လမ်းပတ်ကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ကာ ရလဒ်ကောင်းတွေ ပြန်လည် ရရှိအောင် လုပ်ဆောင်ဖို့ စီစဉ်ခဲ့ပေမယ့် လမ်းပတ်ရဲ့ လက်အောက်မှာ အသင်းရဲ့ ရလဒ်ပိုင်းက တိုးတက် ကောင်းမွန်လာခြင်း မရှိသလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ပွဲမှာ ၁ပွဲနိုင် ၇ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးကို ရရှိခဲ့ပါတယ်။

Photo Credit: Liverpool Echo

နောက်ဆုံး ၈ပွဲ ကစားခဲ့ရာ ၇ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့်ပဲ အဲဗာတန်က ပရီးမီးယားလိဂ်မှာ ၂၉ပွဲ ကစားထားရာ ရမှတ် ၂၅မှတ်သာ စုဆောင်းထားနိုင်ပြီး အမှတ်ပေးဇယားရဲ့ အဆင့်၁၇နေရာ အထိ ရောက်ရှိနေသလို လက်ကျန်ပွဲစဉ်တွေမှာ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီး ၊ လီဗာပူး ၊ လက်စတာ စီးတီး ၊ အာဆင်နယ် စတဲ့ အသင်းကောင်းတွေနဲ့ ထပ်မံ ရင်ဆိုင် ကစားရဖို့ ရှိနေသေးတာကြောင့် အဲဗာတန်အနေနဲ့ အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် အဖြစ် တန်းဆင်းရဖို့ နီးစပ်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အဲဗာတန်ရဲ့ ကစားသမားဟောင်းတွေနဲ့ ပရိသတ်တွေက အသင်းရဲ့ လက်ရှိနည်းပြ ဖရန့် လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် တောင်းဆိုလာကြပြီး အနီချီဘီကလည်း လမ်းပတ်သာ အဲဗာတန်နည်းပြ အဖြစ် ဆက်ရှိနေရင် အဲဗာတန်က တန်းဆင်းရဖို့ သေချာသလောက် ရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Liverpool Echo

အနီချီဘီက – “အဲဗာတန် ကစားသမားတွေက အသင်းရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတဲ့ ခြေစွမ်းမျိုး မပြသထားနိုင်သလို ဖရန့်ရဲ့ စွမ်းဆောင်ရည်ကလည်း ထိုနည်းတူပါပဲ။ ကျွန်တော်က လမ်းပတ်ကို ဘောလုံးသမား တဦးအနေနဲ့ သဘောကျသလို သူက ထိပ်တန်းပုဂ္ဂိုလ် တဦးပါ။ ဒါပေမယ့် တကယ်လို့သာ အဲဗာတန်က သူ့ကို မထုတ်ပယ်ခဲ့ဘူး ဆိုရင် တန်းဆင်းရဖို့ ရာနှုန်းပြည့် သေချာနေပြီလို့ပဲ ပြောချင်ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။