MySport Myanmar

အသင်းက (၅၀)ရာခိုင်နှုန်းနဲ့ပဲ ကစားခဲ့တယ်လို့ ဟန်ဆီ ဖလစ်ခ် ဝေဖန်

ဘာစီလိုနာအသင်းဟာ လာလီဂါချန်ပီယံဘွဲ့ ကာကွယ်ရေးခရီးအစမှာ မာယော့ကာအသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရပြီး တာထွက်လှခဲ့ပေမယ့် နည်းပြ ဟန်ဆီ ဖလစ်ခ်ကတော့ အသင်းရဲ့ခြေစွမ်းအပေါ် လုံးဝမကျေမနပ်ဖြစ်နေပြီး ဒေါသတကြီး ဝေဖန်ပြောကြားလိုက်ပါတယ်။

ဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ ပြိုင်ဘက် မာယော့ကာအသင်းရဲ့ ပထမပိုင်းမှာတင် ကစားသမားနှစ်ဦး အထုတ်ခံခဲ့ရတာကြောင့် ကြီးမားတဲ့ အကူအညီကို ရရှိခဲ့ပါတယ်။ ပထမဦးစွာ မာနူ မော်လန်းစ်ဟာ ဖာရန် တောရက်စ်ရဲ့ဂိုးကို ခွင့်ပြုခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့လို့ ပထမအဝါကတ်ပြသခံခဲ့ရပြီးနောက် လာမင်း ယာမယ်လ်ကို ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့လို့ ဒုတိယ အဝါကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : RTVE

အဲ့ဒီနောက် တိုက်စစ်မှူး ဗီဒက် မူရီကီကလည်း ဂိုးသမား ယိုဟန် ဂါစီယာအပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထွက်ခဲ့ရလို့ မာယော့ကာတို့ ကစားသမား (၉)ယောက်တည်းနဲ့ ကျန်ရစ်ခဲ့ရပြီး ပွဲပြန်လာနိုင်ဖို့ အခွင့်အလမ်း လုံးဝမရှိတော့တဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်။

လူအင်အား (၂)ယောက်အသာနဲ့ ပွဲတစ်ဝက်ကျော် ကစားခဲ့ရတာကြောင့် ဒီရလဒ်ဟာ ဘာစီလိုနာရဲ့ ခြေစွမ်းအမှန်ကို တိုင်းတာဖို့ ခက်ခဲစေခဲ့ပြီး နည်းပြ ဖလစ်ခ်ကလည်း ပွဲအပြီးမှာ ဒီအချက်ကိုပဲ အဓိကထား ပြောကြားခဲ့ပါတယ်။”ကျွန်တော် ဒီပွဲကို မကြိုက်ဘူး။ အရေးကြီးတဲ့ (၃)မှတ်တော့ ရခဲ့ပေမယ့် ၂-၀ နဲ့ ဦးဆောင်ပြီး ပြိုင်ဘက်က နှစ်ယောက်အထုတ်ခံလိုက်ရပြီးနောက်မှာ ကျွန်တော့်အသင်းက (၅၀)ရာခိုင်နှုန်းလောက်နဲ့ပဲ ကစားခဲ့တယ်လို့ ထင်တယ်။”

Photo Credit : Barca Blaugranes

“ဒါမျိုးဖြစ်လို့မရဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကစားသမားတွေနဲ့ ကျွန်တော် စကားပြောရမယ်။ (၉)ယောက်တည်းကျန်တဲ့အသင်းကို (၅၀)ရာခိုင်နှုန်းလောက်နဲ့ ကစားလို့မရဘူး။ ဒါက ကျွန်တော်မျှော်လင့်ထားတဲ့အရာ မဟုတ်ဘူး.” လို့ ဖလစ်ခ်က ဒေါသတကြီး ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ သြဂုတ်လမကုန်မီမှာ လီဗန်တေးနဲ့ ဗယ်လီကာနိုတို့ကို အဝေးကွင်း သွားရောက်ကစားရမှာဖြစ်ပြီး ကြွက်သားဒဏ်ရာရနေတဲ့ တိုက်စစ်မှူးကြီး လီဝန်ဒေါစကီး ဘယ်တော့ပြန်ကစားနိုင်မလဲဆိုတာ မသေချာသေးပါဘူး။

ဒါကြောင့် လာမယ့်ပွဲတွေမှာ လီဝန်ဒေါစကီးကို အလျင်စလို ပြန်မသုံးဘူးဆိုရင် ဖလစ်ခ်အတွက် တိုက်စစ်မှူးနေရာမှာ ဖာရန် တောရက်စ် ဒါမှမဟုတ် မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ ဒီမာယော့ကာနဲ့ပွဲမှာတော့ ရာသီကြိုခြေစွမ်းပြခဲ့တဲ့ ရပ်ရှ်ဖို့ဒ်အစား တောရက်စ်ကို ပွဲထွက်အသုံးပြုခဲ့ပါတယ်။ ဒီလိုရွေးချယ်ရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ကစားသမားမှတ်ပုံတင်ရေးကိစ္စနဲ့ အချိန်မီခဲ့တဲ့ ရပ်ရှ်ဖို့ဒ်အပေါ် မလိုအပ်တဲ့ ဖိအားတွေ မကျရောက်စေချင်လို့ ဖြစ်တယ်လို့ ဖလစ်က ဆိုပါတယ်။ အင်္ဂလန်ကြယ်ပွင့် ရပ်ရှ်ဖို့ဒ်ဟာ ပွဲပြီးဆုံးရန် မိနစ်(၂၀) အလိုမှာ တောရက်စ်နဲ့ လူစားဝင်ကစားခဲ့ပေမယ့် ပုံမှန်ခြေစွမ်းသာ ပြသနိုင်ခဲ့တာကြောင့် လာမယ့် လီဗန်တေးနဲ့ပွဲမှာလည်း တောရက်စ်ကိုပဲ ပွဲထွက်အသုံးပြုလာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Exit mobile version