လာမယ့်ရက်ပိုင်းလေးအတွင်းမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး အိန်ဂျယ်ဂိုးမက်စ်ကို အသင်းဘက်ကနေ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့ပေမယ့် ကစားသမားဘက်ကနေ သက်တမ်းတိုးဖို့ကို ငြင်းဆန်ခဲ့တာကြောင့် ဂိုးမက်စ်အနေနဲ့ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ဖို့ သေချာသွားခဲ့ပြီဖြစ်ကြောင်း ယူနိုက်တက်နည်းပြဆိုးလ်ရှားက ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : The United Devils

အသက်(၁၉)နှစ်အရွှယ်ရှိ အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမားလေး အိန်ဂျယ်ဂိုးမက်စ်ဟာ ယူနိုက်တက်လူငယ်အသင်းကနေ စီနီယာအသင်းဆီ ခေါ်ဆောင်ခံထားရတဲ့ ကစားသမားဖြစ်ပေမယ့် အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးလွန်းနေတာကြောင့် ယူနိုက်တက်အသင်းဘက်ကနေ ကမ်းလှမ်းလာတဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကတော့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဂိုးမက်စ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ ဝန်ခံပြောဆိုခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ဂိုးမက်စ်က သက်တမ်းတိုးမှုကို လက်မခံခဲ့ပဲ အသင်းနဲ့လမ်းခွဲဖို့ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဆိုးလ်ရှားက “ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်ဒီကိစ္စကို မနေ့ညတုန်းက မသိခဲ့ရပါဘူး။ ဒီနေ့မနက်ကျမှပဲ သိရတာပါ။ ဆိုတော့ ကြည့်ရတာက သူတို့တွေ သဘောတူညီမှုရအောင် မလုပ်ဆောင်တော့ဘူးထင်ပါတယ်။ အဖြေကလည်း တိုတိုလေးပဲ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ ကျွန်တော့်ဆီကိုတော့ ဘာသတင်းမှ မရောက်လာဘူး။ ဘာမှမဖြစ်ခဲ့သလိုပါပဲ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဂိုးမက်စ်ဟာ အသက်(၆)နှစ်သားအရွှယ်ကနေစတင်ပြီး ယူနိုက်တက်အကယ်ဒမီနဲ့ ပူးပေါင်းခဲ့တဲ့ ကစားသမားလေးဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ ယူနိုက်တက်စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့ပါတယ်။ ဂိုးမက်စ်ဟာ ယူနိုက်တက်အသင်းကြီးအတွက် ပွဲထွက်ကစားခွင့် အလွန်နည်းပါးခဲ့သူဖြစ်ပြီး အသင်းအတွက် သွင်းဂိုး(၁)ဂိုးကို စပါးအသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာပဲ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ယူနိုက်တက်ကနေ ထွက်ခွာရတော့မယ့် ဂိုးမက်စ်ကိုတော့ အသင်းပေါင်း(၂၀)လောက်ကနေ စိတ်ဝင်စားနေကြပြီး ဇူလိုင်လဆန်းပိုင်းလောက်မှာ သူရဲ့အသင်းသစ်ကို ရွေးချယ်ဖွယ်ရှိနေပါတယ်။