ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ယူအသင်းဟာ သူတို့ အသင်းရဲ့ အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီ လူငယ် ကစားသမား အိန်ဂျယ် ဂိုးမက်စ် ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် အသင်းကနေ ထွက်ခွာသွားပြီလို့ ယမန်နေ့က ကြေညာသွားခဲ့ပါတယ်။ မန်ယူ အသင်းနဲ့ အိန်ဂျယ် ဂိုးမက်စ်တို့ရဲ့ ကြားမှာ ရှိတဲ့ စာချုပ်သက်တမ်းဟာ ယနေ့ည ၁၂နာရီ အချိန် မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဇူလိုင်လ ၁ရက်နေ့မှ စတင်ကာ အိန်ဂျယ် ဂိုးမက်စ်ကို ခေါ်ယူလိုတဲ့ အသင်းတွေဟာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ဂိုးမက်စ်ကို ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အသက်၁၉နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား အိန်ဂျယ်ဂိုးမက်စ်ဟာ ငယ်စဉ်ကတည်းက မန်ယူအသင်းမှာ ရှိနေတဲ့ လူငယ် ကစားသမား တစ်ဦးဖြစ်ပြီး မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ နာနီနဲ့လည်း ဆွေမျိုးနီးစပ်တော်သူ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အိန်ဂျယ် ဂိုးမက်စ်ဟာ မန်ယူအသင်းရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ မန်ယူအသင်းရဲ့ ပရိသတ်တွေနဲ့ ဘောလုံးသုံးသပ်သူတွေက သုံးသပ်ခဲ့ကြဖူးပေမယ့် လက်ရှိမှာတော့ အိန်ဂျယ်ဂိုးမက်စ်ဟာ မန်ယူအသင်းကို စွန့်ခွာဖို့ ရွေးချယ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဂိုးမက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတဲ့ အသင်းဟာ အတော်များများ ရှိနေခဲ့ပြီး စပိန်ကလပ် ဗလင်စီယာ ၊ ဘွန်ဒက်လီဂါကလပ် ဟမ်းဘက် နဲ့ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းတို့ဟာ ဂိုးမက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

Photo Credit: Metro

Independent သတင်းစာရဲ့ အဆိုအရတော့ အိန်ဂျယ်ဂိုးမက်စ် တစ်ယောက် မန်ယူအသင်း ကနေ ထွက်ခွာခဲ့တာဟာ မန်ယူအသင်းဘက် က သူ့ကို ကမ်းလှမ်းခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၅၀၀၀ ကို နည်းပါးတယ်လို့ ယူဆတာကြောင့် ဖြစ်ပြီး လက်ရှိမှာတော့ မန်ယူအသင်းရဲ့ ပြိုင်ဘက် ချယ်လ်ဆီးအသင်းဟာ ဂိုးမက်စ်ကို ခေါ်ယူနိုင်ဖို့ များပြားတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းထားကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ဂိုးမက်စ် ဟာ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ကို အတော်လေး စိတ်ဝင်စားနေခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ ဂိုးမက်စ်တို့ကြားမှာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် နာမည် ကျော်ကြားတဲ့ အေးဂျင့်တစ်ဦး ဖြစ်တဲ့ ဇာဟာဗီ ကိုယ်တိုင် ဝင်ရောက် စေ့စပ်ပေးနေတယ်လို့ လည်း လန်ဒန်မြို့ အခြေစိုက် သတင်းတေ​ွက အတည်ပြုထားကြပါသေးတယ်။ မန်ယူအသင်းရဲ့ အနာဂတ် အဖြစ် တစ်ချိန်က သတ်မှတ်ခံခဲ့ရဖူးတဲ့ ဂိုးမက်စ် တစ်ယောက် အပြာရောင် လန်ဒန်သားတွေအတွက် အသုံးတော်ခံသွားမလားဆိုတာ ကိုတော့ စောင့်ကြည့်သွားရမှာပါ။