ပြီးခဲ့တဲ့ ဇွန်လ(၃၀)ရက်နေ့ကပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ အင်္ဂလန်လူငယ်ကြယ်ပွင့်လေး အိန်ဂျယ်ဂိုးမက်စ်ကတော့ အာဆင်နယ် ချယ်လ်ဆီးတို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတွေဆီ ရောက်ရှိသွားတော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ လီဂူးကလပ် လိုင်လီအသင်းဆီကိုသာ ရောက်ရှိခဲ့ပြီး လိုင်လီကလည်း သူ့ကို ပေါ်တူဂီကလပ် ဘိုအာဗစ်စတာအသင်းဆီ တစ်ရာသီအငှားချခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၆)နှစ်သားအရွှယ်ကတည်းက ယူနိုက်တက်အကယ်ဒမီနဲ့ စတင်ပူးပေါင်းဖြစ်ခဲ့တဲ့ အိန်ဂျယ်ဂိုးမက်စ်ဟာ (၁၃)နှစ်သားအရွှယ်လောက်ကစပြီး ယူနိုက်တက်လူငယ်အသင်းရဲ့ကစားသမားအဖြစ် ရွေးချယ်ခံလာခဲ့ရပြီး ၂၀၁၇ခုနှစ်မှာတော့ စီနီယာအသင်းကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ တကယ့်ကို အရည်အချင်းရှိတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း ယူနိုက်တက်အသင်းဘက်ကနေ သူ့ကို ပွဲထွက်ကစားခွင့်တွေ သိပ်မပေးခဲ့တာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ငြင်းဆန်ခဲ့ပြီး အသင်းနဲ့ လမ်းခွဲဖို့ပဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Metro

ယူနိုက်တက်နဲ့ လမ်းမခွဲခင်ကတည်းက ဂိုးမက်စ်ကို ချယ်လ်ဆီးအသင်းအပြင် ဘာစီလိုနာနဲ့ ဂျုဗင်တပ်စ်တို့လို အသင်းကြီးတွေကပါ စောင့်ကြည့်ခဲ့ကြတာဖြစ်ပြီး ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့လည်း အတော်လေး နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဂိုးမက်စ်ဟာ ဒီရက်ပိုင်းလေးအတွင်းကပဲ ပြင်သစ်လီဂူး ထိပ်သီးကလပ်ဖြစ်တဲ့ လိုင်လီအသင်းဆီကိုသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပေါ်တူဂီပရီးမီးယားလီဂါပြိုင်ပွဲဝင် ကလပ်တစ်သင်းဖြစ်တဲ့ ဘိုအာဗစ်စတာအသင်းဆီ တစ်ရာသီအငှားချခံလိုက်ရပါတယ်။ လိုင်လီအသင်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ဂိုးမက်စ်ဟာ ယူနိုက်တက်နဲ့ လမ်းခွဲသွားခဲ့ရပေမယ့် အသင်းနဲ့သူ့ကြားမှာ ရှိခဲ့တဲ့ အမှတ်တရတွေအားလုံးကို ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပဲ ယူနိုက်တက်နဲ့ပတ်သက်သမျှအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အခုကတော့ သူရဲ့ကစားသမားဘဝကို နောက်ထပ်တစ်ဆင့် မြင့်တင်ရတော့မယ့်အချိန်ကို ရောက်နေပြီဖြစ်ကြောင်း သူရဲ့အင်စတာဂရမ်မှာ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဂိုးမက်စ်ဟာ ယူနိုက်တက်စီနီယာအသင်းကြီးအတွက် (၄)နှစ်တာအတွင်းမှာ (၁၀)ပွဲအထိပဲ ပါဝင်ကစားခဲ့ရသလို သွင်းဂိုးတစ်ဂိုးမှကိုလည်း ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။