ဂျုဗင်တပ်စ်အသင်းရဲ့ ဝါရင့် တောင်ပံကစားသမားကြီး ဒီမာရီယာဟာ အစ္စရေးလ်မှာ မက္ဘာဘီဟိုင်ဖာအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ကြွက်သားဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ရက်သတ္တပတ် (၃)ပတ်ခန့်လောက်အထိ အနားယူရဖွယ် ရှိနေပေမယ့်လည်း ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအမီတော့ ကြံခိုင်မှုကောင်းနေဖို့အတွက် မျှော်လင့်နေတယ်လို့ သိရပါတယ်။

Juventus Not Near A Title Challenge, Despite Angel Di Maria Magic

Photo Credit : Forbes

ပြီးခဲ့တဲ့ နွေရာသီကမှ ပီအက်စ်ဂျီကနေ ဂျုဗင်တပ်စ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အာဂျင်တီးနား ဝါရင့် ကစားသမားကြီး ဒီမာရီယာဟာ ကြွက်သားဒဏ်ရာ ပြသာနာကြောင့် အသင်းရဲ့ ပွဲစဉ်(၄)ပွဲကို လွဲချော်ထားခဲ့ရသလို တချို့ပွဲတွေမှာလည်း အကန့်အသတ်နဲ့သာ ကစားခဲ့ရပါတယ်။ ဒါ့အပြင် ဒီမာရီယာဟာ အစ္စရေးလ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရင်းက ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် ပွဲကို ဆက်လက် မကစားနိုင်တော့ပဲ မီလစ်ခ်နဲ့ပါ လူစားလဲခဲ့ရပါတယ်။

World Cup worry for Argentina as Di María exits Juve game

Photo Credit : Yahoo News

ဒီမာရီယာအနေနဲ့ ဒီ ဒဏ်ရာကြောင့် ရက်(၂၀)လောက်အထိကို အနားယူသွားရတော့မှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလဆန်းပိုင်းလောက်မှသာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိနေရပါတယ်။ ဒီမာရီယာက ဂျုဗင်တပ်စ်အသင်းရဲ့ စီးရီးအေ(၃)ပွဲနဲ့ ချန်ပီယံလိဂ် အုပ်စုလက်ကျန် (၂)ပွဲလုံးကို လွဲချော်ရနိုင်ဖွယ် ရှိနေတာက ဂျုဗင်တပ်စ်အတွက် နစ်နာစရာ ဖြစ်လာနိုင်ပါတယ်။ ဂျုဗင်တပ်စ်က ဒီရာသီမှာ အတော်လေး ရုန်းကန်နေရပြီး စီးရီးအေမှာလည်း အဆင့်(၈)ထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်မှာပါ အုပ်စုပွဲ (၄)ပွဲ ကစားထားပြီးချိန် ရှုံးပွဲက (၃)ပွဲအထိ ကြုံတွေ့ထားခဲ့တာကြောင့် အုပ်စုကနေ နောက်တစ်ဆင့်ထိ တတ်လှမ်းဖို့ပါ ခက်ခဲနေရပါတယ်။ ဒီလို အချိန်မှာ ဂျုဗင်တပ်စ်အနေနဲ့ ဒီရာသီမှာ အသင်းအတွက် (၁)ဂိုးသွင်း (၄)ဂိုး ဖန်တီးထားခဲ့သူ ဒီမာရီယာလို ကစားသမားမျိုးကို (၅)ပွဲခန့် အနားပေးရမှာက အတော်လေး နစ်နာစေနိုင်ပါတယ်။ ဒါပေမယ့် ဒီမာရီယာကတော့ နိုဝင်ဘာအတွင်းမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အာဂျင်တီးနားအသင်းနဲ့အတူ ပါဝင်နိုင်ဖို့အတွက် မျှော်လင့်လျက် ရှိနေပြီး world cup အမီ ကြံခိုင်မှု အပြည့်အဝ ကောင်းမွန်နေစေဖို့အတွက် world cup မတိုင်ခင် ပွဲတွေကိုပါ အနားယူဖွယ် ရှိနေပါတယ်။