ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅)မှာ လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပေမယ့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

ဩစတီးယားလူမျိုး နည်းပြချုပ် ဖြစ်သူ ပိုစတီဂိုဂလူ ဦးဆောင်နေတဲ့ စပါးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) အထိ အကောင်းဆုံး ခြေစွမ်းတွေ ပြသကာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို တောက်လျှောက် သိမ်းယူနိုင်ခဲ့ပေမယ့် ပွဲစဉ်(၁၁) ကနေ ပွဲစဉ်(၁၅) အထိ နိုင်ပွဲပျောက်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာ အထိ ဆင်းပေးခဲ့ရပါတယ်။

Photo Credit: Euro Sports

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ ဝက်စ်ဟမ်းတို့ရဲ့ ပွဲစဉ်မှာ စပါးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့သလို ပွဲချိန် ၁၁မိနစ်မှာပဲ အဓိက နောက်ခံလူ ရိုမဲရိုးရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရတာကြောင့် အိမ်ကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ ဘိုဝင်နဲ့ ဝက်ပရော့စ်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ စပါးက အရှက်ရစရာ စံချိန်ဆိုး ၂ခုကို ပိုင်ဆိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo Credit: BBC

Optaရဲ့ ဖော်ပြချက်အရ စပါးက နောက်ဆုံး ကစားခဲ့တဲ့ ၅ပွဲစလုံးမှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် နိုင်ပွဲ မရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းမှာ ၅ပွဲဆက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် နိုင်ပွဲ မရတဲ့ ပထမဦးဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၃ပွဲဆက် ဦးဆောင်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် ၃ပွဲစလုံး ရှုံးနိမ့်ခဲ့တဲ့ ပထမဦးဆုံးအသင်း ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

၅ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာကြောင့် စပါးက အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်နဲ့ ရမှတ် ၉မှတ် အထိ ပြတ်သွားသလို အဆင့်(၄)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးနဲ့ ရမှတ် ၃မှတ် ကွာဟနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရချင်ရင် လက်ကျန်ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်နေပါပြီ။