စီးရီးအေ ထိပ်သီးကလပ် နာပိုလီအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း စီးရီးအေရဲ့ အစောပိုင်း ပွဲစဉ်(၂)ပွဲဆက်မှာသာ သရေကျထားခဲ့ရပြီး အဲ့ဒီနောက်ပိုင်း ကစားခဲ့ရသမျှ ပွဲစဉ်အားလုံးကို တောက်လျှောက် အနိုင်ရထားခဲ့ပါတယ်။ ဒီလို နိုင်ပွဲတွေဆက်နေတဲ့ နာပိုလီဟာ ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲအဖြစ် အန်ဖီးလ်မှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်လို့ နာပိုလီအတွက် အန်ဖီးလ်ကွင်းဟာ လုံးဝ အစမ်းသပ်ခံရမယ့် နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : BT Sports

စီးရီးအေမှာရော ချန်ပီယံလိဂ်မှာပါ အတော်လေးကို ခြေစွမ်းပြနေတဲ့ နာပိုလီအသင်းဟာ ဒီရာသီထဲ ကစားထားခဲ့သမျှ (၁၇)ပွဲဆက်တိုက်အထိ လုံးဝ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့ပြီး အသင်းတိုက်စစ်ကလည်း အလွန်ကို ခြေစွမ်းပြလျက် ရှိပါတယ်။ ဒီလို အကောင်းဆုံးပုံစံ ရှိနေတဲ့ နာပိုလီဟာ ဒီနေ့ညမှာပဲ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲအဖြစ် လီဗာပူးလ်ရဲ့ အန်ဖီးလ်ကွင်းတွင် ယှဉ်ပြိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : World Soccer Tlk

တကယ်တော့ လီဗာပူးလ်ရော နာပိုလီရောက ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို အသီးသီး တတ်လှမ်းထားခဲ့ကြတဲ့ အသင်းတွေ ဖြစ်နေပေမယ့်လည်း အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကို တတ်ဖို့အပြင် လီဗာပူးလ်က နာပိုလီကို ရှုံးပွဲဆပ်ဖို့နဲ့ နာပိုလီကလည်း သူတို့ရဲ့ အုပ်စုပထမနေရာရော ရှုံးပွဲမရှိ စံချိန်ကိုပါ ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဒီပွဲမတိုင်ခင် အန်ဖီးလ်မှာ နောက်ဆုံးကစားထားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်အတွင်း လိဒ်စ်အသင်းကို ရှုံးနိမ့်ထားခဲ့တယ် ဆိုပေမယ့်လည်း လီဗာပူးလ်က ပရီးမီးယားလိဂ်မှာထက် ချန်ပီယံလိဂ်မှာ ပိုပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်သလို အန်ဖီးလ်မှာ ကစားရတဲ့ ပွဲစဉ်အများစုမှာလည်း ရလဒ်တွေ ကောင်းထားခဲ့ပါတယ်။ နာပိုလီကလည်း ဒီရာသီ အဝေးကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်တွေမှာ ဖီအိုရင်တီးနားနဲ့သာ ဂိုးမရှိသရေ ဖြစ်ခဲ့ရပြီး အေစီမီလန် ရိုးမား လာဇီယိုတို့ကို အနိုင်ရခဲ့သလို အိုင်းယတ်စ်လို အသင်းမျိုးကိုပါ (1-6) ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ယူထားခဲ့ပါတယ်။ အန်ဖီးလ်မှာ လိဒ်စ်ကို ပူပူနွေးနွေး ရှုံးနိမ့်ထားတဲ့ လီဗာပူးလ်အနေနဲ့ ဒီရှုံးပွဲကနေ ချက်ချင်း ပြန်လာနိုင်ဖို့အတွက် နာပိုလီကို အနိုင်ယူပြီး အုပ်စုပထမနေရာနဲ့ ရှုံးထွက်ကို တတ်လှမ်းဖို့ သေချာအားထည့်လာဖို့ ရှိနေသလို နာပိုလီကလည်း သူတို့ရဲ အဝေးကွင်း form ကောင်းကို အန်ဖီးလ်မှာပါ ဆက်လက် ပြသသွားဖို့ ရှိနေတာကြောင့် ဒီပွဲက ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲတွေအနက် အကောင်းဆုံးပွဲစဉ်တစ်ကွဲ ဖြစ်လာမှာ အသေအချာပါပဲ။