ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ပြင်သစ်တိုက်စစ်မှူးဟောင်းကြီး နီကိုးလပ်စ်အနယ်ကာက သူရဲ့ဂျူနီယာ ကစားသမားလေးဖြစ်တဲ့ တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေအနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်ချင်နေတယ် နောက်ပြီး Ballon d’Or ဆုကို အလိုရှိနေတယ်ဆိုရင် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာသင့်ပြီး အင်္ဂလန်နဲ့ စပိန်က ထိပ်တန်းကလပ်အသင်းတွေကို ပြောင်းရွေ့သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Pundit Arena

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားလေး ဘာပေဟာ မိုနာကို ပီအက်စ်ဂျီအသင်းတွေနဲ့အတူ ပြင်သစ်ပြည်တွင်း ဆုဖလားတွေအားလုံးကို ရယူပိုင်ဆိုင်ခဲ့သူဖြစ်သလို ပြင်သစ်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားဆုကြီးကိုပါ ပိုင်ဆိုင်ခဲ့ပေမယ့် ဒီထက်မက အောင်မြင်မှုတွေ ရယူနိုင်ဖို့နဲ့ အကောင်းဆုံးသော ကစားသမားတစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲကို စွန့်ခွာသင့်ပြီလို့ အနယ်ကာက အကြံပြုပြောဆိုသွားခဲ့ပါတယ်။ အနယ်ကာက “မင်းအနေနဲ့ ကြီးမားတဲ့ ချီးကျူးထောပနာပြုမှုတွေကို အလိုရှိတယ်ဆိုရင် ပီအက်စ်ဂျီအသင်းကနေ ပိုမြင့်မားတဲ့ တစ်နေရာကို ပြောင်းရွေ့သင့်ပါတယ်”

Photo Credit : Ace Football

“မင်း ပဲရစ်မှာ ဘယ်လောက်ကောင်းအောင် ကစားနိုင်ခဲ့ပါစေ လူများစွာက မင်းကို မင်းက ပီအက်စ်ဂျီမှာ တကယ့်ကို အကောင်းဆုံးတွေ လုပ်ဆောင်နိုင်ပြီ။ ဒါပေမယ့် ဒါတွေက ပြင်သစ်မှာပဲ လုပ်နိုင်သေးတယ်။ အကောင်းဆုံးလိဂ်ပြိုင်ပွဲတွေက အင်္ဂလန်နဲ့ စပိန်နိုင်ငံတွေမှာ ရှိနေတာ။ ဒါကြောင့် မင်းက အကောင်းဆုံးလိဂ်တွေမှာ အကောင်းဆုံးကစားသမားတွေနဲ့ မယှဉ်ပြိုင်ခဲ့ရသေးဘူးဆိုပြီး ပြောကြလိမ့်မယ်။ ဒါကြောင့် မင်းဘက်ကနေ ဆုံးဖြတ်ရလိမ့်မယ်။ မင်းအနေနဲ့ Ballon d’Or ဆုကြီးကို အလိုရှိတယ်ဆိုရင် အကောင်းဆုံးကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားဖို့ လိုပါလိမ့်မယ်။ ဒါဆို ပီအက်စ်ဂျီမှာ ကစားနေရင်ရော အကောင်းဆုံးတွေနဲ့ မရင်ဆိုင်ရဘူးလားဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ယှဉ်ပြိုင်မှု အပြင်းထန်ဆုံးလိဂ်က အင်္ဂလန်မှာပဲ ရှိနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် မင်းအနေနဲ့ ကစားသမားတွေထဲကမှ အကောင်းဆုံးသောသူ ဖြစ်ချင်တယ်ဆိုရင် ချယ်လ်ဆီး ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် အာဆင်နယ် ဒါမှမဟုတ် မန်ချက်စတာစီးတီး ဒါမှမဟုတ် လီဗာပူးလ်တို့ ဒါမှမဟုတ်ရင်လည်း စပိန်က မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာတို့ကို ပြောင်းရွေ့သင့်တယ်။ ဒီလိုမှမဟုတ်ရင်လည်း အီတလီက အသင်းတွေဆီကိုပေါ့” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာလည်း ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ပယ်ချထားပြီး အသင်းနဲ့ လမ်းခွဲဖို့ကိုသာ စိတ်အားထက်သန်လို့နေပါတယ်။