ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ ၊ ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီး ၊ ဂျူဗင်တပ် စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ပြင်သစ် တိုက်စစ်မှူးဟောင်းကြီး အနယ်ကာ ကတော့ သူ့ရဲ့ အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ ထိပ်တိုက် တွေ့ဆုံနေကြတဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကပဲ ပီအက်စ်ဂျီကို အနိုင်ယူ ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်လိမ့်မယ် လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ သက်ဆိုင်ရာ လိဂ်တွေရဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်ကြပြီး သူတို့နှစ်သင်းက ချန်ပီယံလိဂ် ဖလားကို ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း၅သင်းထဲက ၂သင်းလည်း ဖြစ်ကြပါတယ်။

Photo Credit: AS English

ဒါကြောင့်ပဲ သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ၁၆သင်းအဆင့် ပွဲစဉ်နှစ်ပွဲဟာ ယခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တွေ ဖြစ်မယ်လို့ ပရိသတ်တွေက ခန့်မှန်းထားကြပြီး အနယ်ကာကလည်း ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲလိုမျိုး ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အနယ်ကာကတော့ သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ရောက်ရင် အစွမ်းပြလေ့ ရှိတဲ့ ဓလေ့ကြောင့် ရီးရဲလ်မက်ဒရစ်ကပဲ နောက်တဆင့်ကို တက်လှမ်းသွားနိုင်လိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: AS English

အနယ်ကာက – “ဒီပွဲက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကြိုဖိုင်နယ်လို့တောင် ပြောလို့ရပါတယ်။ နှစ်သင်းစလုံးက ထိပ်သီးအသင်းတွေပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ရီးရဲလ်မက်ဒရစ်ကပဲ ဒီပွဲကို အသာစီး ရသွားလိမ့်မယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ချန်ပီယံလိဂ်နဲ့ ပတ်သတ်ရင် အတော်လေး အတွေ့အကြုံ များလို့ပါ။ ဒီလိုမျိုး ဖိအားများတဲ့ ပွဲစဉ်တွေကို ကြုံတွေ့ရတိုင်း ရီးရဲလ်မက်ဒရစ်က ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီမှာလည်း ထိပ်တန်း ကစားသမားတွေ ရှိနေတာကို မေ့ထားလို့ မရပါဘူး။ ဒါကြောင့် သူတို့ကလည်း ရလဒ်ကောင်းတွေ ရနိုင်ပါတယ်” လို့ သုံးသပ် ပြောကြားသွားခဲ့တာပါ။