ဘယ်အစွန် နောက်ခံ ကစားသမား ရော်ဘတ်ဆန်ကတော့ ဝက်ဖို့ဒ်အသင်းကို (၃-ဝ) နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဉ်မှာ ပရိသတ်တွေ မျှော်လင့်တဲ့ ခြေစွမ်းကို မပြနိုင်လို့ တောင်းပန်တယ်လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက ဝက်ဖို့ဒ်အသင်းကို (၃-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အဝေးကွင်း ပွဲစဉ်မှာ ဂိုးပေါက်တည့် ကန်သွင်းမှု (၁) ကြိမ်သာ ပြလုပ်နိုင်ခဲ့ပြီး ချေပဂိုး မသွင်းနိုင်ခဲ့ကြပါဘူး။ လီဗာပူးလ်အသင်းဟာ မနေ့ညက ပွဲစဉ်မှာ ရှုံးနိမ့်သွားခဲ့တာကြောင့် ပရီးမီးယားလိဂ် ရှုံးပွဲမရှိ စံချိန် ရပ်တန့်သွားခဲ့ပြီး ရီးမီးယားလိဂ် ရှုံးပွဲမရှိ (၄၄) ပွဲအထိ ကစားသွားနိုင်ခဲ့ကြပါတယ်။

Photo Credit: Liverpoolfc

လီဗာပူးလ်အသင်းဟာ ပထမပိုင်းပြီးတဲ့အထိ သွင်းဂိုးမရှိ သကျေခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ဆားရ်ရဲ့ သွင်းဂိုး (၂) ဂိုး နဲ့ ဒီယာနေးရဲ့ သွင်းဂိုး ခွင့်ပြုခဲ့ရတာကြောင့် ရှုံးနိမ့်သွားပါတယ်။ နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ပေမဲ့ နှစ် (၃၀) ကြာ မရခဲ့တဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိဖို့ သေချာသလောက် ရှိနေဆဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက အရေးနိမ့်ခဲ့ပေမဲ့ ရမှတ် (၂၂) မှတ် ဖြတ်ထားဆဲ ဖြစ်ပြီး နောက်ခံလူ ရော်ဘတ်ဆန်ကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်လာမယ်လို့ ကတိပေး ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Liverpoolfc

ရော်ဘတ်ဆန်က “ဝက်ဖို့ဒ်အသင်းက ပွဲစကတည်းက ခြေစွမ်းကောင်းနေခဲ့ပြီး ကျွန်တေ်ာတို့က အစနှေးခဲ့ပါတယ်။ ကျွန်တော်တို့မှာ အခွင့်ကောင်း အနည်းငယ် ရှိခဲ့ပေမဲ့ လုံလောက်မှုကတော့ မရှိခဲ့ပါဘူး။ ဒီခြေစွမ်းက ပရိသတ်တွေ မျှော်လင့်ခဲ့တာ မဟုတ်လို့ ကျွန်တေ်ာ ဒီခြေစွမ်းအတွက် တောင်းပန်ပါတယ်။ ပြန်ဦးမော့လာမှာပါ။ လက်ရှိအချိန်အထိက မယုံနိုင်စရာ ရာသီဖြစ်နေသေးပြီး ဒီနေ့က ခြေစွမ်းကျနေခဲ့ပါတယ်။ လူတိုင်း ကြည့်ခဲ့တဲ့ လီဗာပူးလ်အသင်း မဟုတ်နိုင်ခဲ့ပါဘူး။ ပြန်ဦးမော့လာမှာပါ။ ဒါမှပဲ နိုင်ပွဲတွေ ရရှိပြီး ပစ်မှတ်နဲ့ ပိုနီးစပ်သွားမှာပါ”လို့ ပြောခဲ့ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းကို (၃-ဝ) နဲ့ ရှုံးနိမ့်သွားခဲ့ပြီး လာမယ့် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေ ဖလား ပဉ္စမအဆင့် ကစားရမှာပဲ ဖြစ်ပါတယ်။