မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ်ဖလားကြီးကို ကိုင်မြှောက်ခွင့်မရှိခဲ့တာ ဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားတဲ့ အချိန်ထဲကလို့ ဆိုရပါမယ်။ မန်ယူအနေနဲ့ ၂၀၁၇-၁၈ ရာသီတုန်းကတော့ အဆင့် ၂ ရရှိခဲ့ပေမယ့်လည်း ဇယားထိပ်က မန်စီးတီး အသင်းနဲ့ ၁၉ မှတ်အထိ ရမှတ် ကွာဟချက်ကြီးမားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းပရိသတ်‌တွေကတော့ အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဖလားကိုင်မြှောက်တာကို ပြန်မြင်ချင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်ယူအသင်းရဲ့ ယခုလက်ရှိအခြေအနေတွေက ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဟတဲ့ ခြေစွမ်းမျိုးမှာ ရှိမနေပဲ အမျိုးမျိုးဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ လာမယ့် နွေရာသီမှာ ဆိုရင် မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား မယူနိုင်တာဟာ ၈ နှစ်တောင် ရှိတော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: Express

မန်ယူအသင်းရဲ့ ဂန္တဝင်တစ်ဦးဖြစ်ပြီးတော့ မန်ယူအကြောင်းကို သေသေချာချာသိတဲ့ သူဖြစ်တဲ့ အန်ဒီကိုးလ်ကတော့ သရဲနီ တို့ ဇယားထိပ်ကို ပြန်ရောက်မယ့် အချိန်ကို ခန့်မှန်းပေးလိုက်ပါတယ်။ “ ခင်ဗျား တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်စီးတီး နဲ့ လီဗာပူး ပွဲစဉ်ကို ကြည့်ဖြစ်တယ်မလား။ မန်ယူ အနေနဲ့ အဲ့ဒီလို အဆင့်မျိုး ပုံစံမျိုးထိရောက်အောင် ကြိုးစားရမှာပါ။ နောက်ရာသီမှာလည်း အဲ့ဒီလို ပုံစံရောက်လိမ့်မယ် လို့ မထင်ဘူး။ အရာအားလုံးက ဖြစ်စဉ်တစ်ခုလိုပဲ။ အဲ့ဒါက ရှေ့တန်းနောက်တန်းညီညွတ်ဖို့ပဲ လိုတယ်။ ဘောလုံးလောကမှာ ရှေ့နောက်ညီညွတ်ပြီး ယုံကြည်မှု ရှိနေရင် အနိုင်ရဖို့ သေချာတယ်။ ကစားသမားကြီးတွေ အမြဲပြောလေ့ရှိသလိုပဲ။ တစ်သင်းမှာ ၈ ယောက် ၉ ယောက်လောက်က ကောင်းကောင်းခြေစွမ်းပြနိုင်နေရင် ပြိုင်ဘက်အသင်းကို အေးဆေး ယှဉ်ပြိုင်နိုင်တယ်။ အကယ်၍ တစ်သင်းလုံးသာ အကောင်းဆုံး ခြေစွမ်းပြနေမယ်ဆိုရင်တော့ ခင်ဗျားကို ဘယ်အသင်းက အနိုင်ယူနိုင်မလဲ ? ခင်ဗျား အဲ့ဒါကို ယုံကြည်ဖို့ လိုတယ် ”

Photo Credit: Express

အန်ဒီကိုးလ်ဟာ ဆက်လက်ပြီးတော့ ဆိုးလ်ရှားရဲ့ အသင်းပုံစံနဲ့ သူတို့ ခေတ်တုန်းက ကစားခဲ့တဲ့ ပုံစံကို ယှဉ်ပြီး ပြောခဲ့ပါတယ်။ “ တစ်ဖက်အသင်းက ကျွန်တော်တို့ အသင်းကို ပထမမိနစ် ၂၀ လောက်အတွင်း ဂိုးမသွင်းနိုင်အောင် ကစားရင် ကျွန်တော့်က မိနစ် ၂၀ အတွင်း ၂ ဂိုးလောက် သွင်းနိုင်အောင် ကြိုးစားတယ်။ အဲ့ဒါဆိုရင် လက်ကျန်မိနစ်တွေမှာ အေးဆေး ဖြစ်သွားပြီ။ မန်ယူ အနေနဲ့ ပရီးမီးယားလိဂ်ဖလား ကိုင်မြှောက်ဖို့ ၂ နှစ်လောက် အချိန်ယူရအုန်းမယ်။ ဘာလို့လဲဆိုရင် ခင်ဗျားတို့ အနေနဲ့ အသင်းကို တကယ်တိုးတက်စေမယ့် ကစားသမား ၂ ဦး ၃ ဦးလောက် ‌ထပ်ဖြည့်ရအုန်းမယ်။ အဲ့ဒါမှပဲ ရှေ့နောက် ညီညွတ်မှာပါ။ အိုလီက မန်ယူရဲ့ ဂန္တဝင်တစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ကြာနိုင်လဲ သူသိပါတယ်။ သူ လိုသလောက် အချိန်ရပါစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။ ယူနိုက်တက် သာ အခြေအနေမှန် ပြန်ရောက်သွားရင် သူတို့ လွှမ်းမိုးနိုင်မှာပါ ” လို့ ဆိုလိုက်ပါတယ်။