လီဗာပူးလ် နယူးကာဆယ် ဝက်စ်ဟမ်းအသင်းတွေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ အန်ဒီကာရိုးဟာ အခုအခါမှာတော့ ဘယ်လ်ဂျီယံ ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ကလပ်ဘရုဂေးအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး အပြောင်းအရွှေ့လည်း ဖြစ်လာနိုင်ဖွယ် ရှိနေရပါတယ်။

Rodgers rules out Carroll - Eurosport

Photo Credit : Eurosport

လက်ရှိမှာ အသက်(၃၃)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကာရိုးဟာ လက်ရှိမှာ ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းအသင်းသား ဖြစ်နေပေမယ့် ဒီဇွန်လအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။ နယူးကာဆယ် လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူ ကာရိုးဟာ ၂၀၁၁ခုနှစ် ဇန်နဝါရီလမှာ လီဗာပူးလ်အသင်းဆီ ပေါင်သန်း(၃၀)နဲ့ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် (၂)ရာသီခွဲအတွင်း ပြိုင်ပွဲစုံ (၁၁)ဂိုးသာ သွင်းယူနိုင်ခဲ့အထိ biggest flop ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကာရိုးဟာ ဝက်စ်ဟမ်း ရက်ဒင်း ဝက်စ်ဘရွန်းအသင်းတို့အပြင် အသင်းဟောင်း နယူးကာဆယ်အသင်းမှာပါ ပြန်လည်ပါဝင်ခဲ့ရပါသေးတယ်။

Andy Carroll is in negotiations with Belgian champions Club Brugge over a free transfer

Photo Credit : The Sun

လက်ရှိမှာတော့ ဝက်စ်ဘရွန်းအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အန်ဒီကာရိုးဟာ ဘယ်လ်ဂျီယံ ထိပ်တန်းအသင်း ကလပ်ဘရုဂေးကို ပြောင်းရွှေ့့ကစားဖို့အတွက် ဘယ်လ်ဂျီယံနိုင်ငံဆီ သွားရောက်နေသလို ကာလတိုစာချုပ်နဲ့ ပြောင်းရွှေ့ဖို့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံချန်ပီယံ ကလပ်ဘရုဂေးအသင်းဟာ လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိထားတာဖြစ်လို့ တကယ်လို့ ကာရိုးသာ ကလပ်ဘရုဂေးဆီသာ ပြောင်းရွှေ့ခွင့်ရမယ်ဆိုရင်တော့ သူရဲ့ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ဆင်နွဲခွင့်ပါ ရရှိသွားမှာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၉)ပွဲ ပါဝင်ထားခဲ့ရသူ ကာရိုးက လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ ၂၀၁၁ခုနှစ်နောက်ပိုင်းမှာ သူရဲ့ဂိုးသွင်းစွမ်းရည်တွေ ကျဆင်းသွားခဲ့ရသလို ခြေစွမ်းပိုင်းလည်း ကျဆင်းခဲ့ရပြီး ၂၀၁၁ခုနှစ်ကနေ ၂၀၂၂ခုနှစ်ထိ ဆယ်စုနှစ်တစ်ခုအတွင်း သူသွင်းယူနိုင်ခဲ့တဲ့ စုစုပေါင်း ဂိုးအရေအတွက်က (၅၁)ဂိုးသာ ရှိခဲ့ရပါတယ်။ ဒါကြောင့် ကာရိုးအနေနဲ့ သူ့ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ် ပြည်ပထွက် ကစားချိန်မှာ ခြေစွမ်းပိုင်းတွေ ပြန်လည်တောက်ပလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။