အီတလီ စီးရီးအေ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ရာဘီယော့က ဂျူဗင်တပ်နဲ့ စာချုပ်သစ် မချုပ်တော့ပဲ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ရာဘီယော့က ၂၀၁၉ခုနှစ်မှာ ပီအက်စ်ဂျီကနေ ဂျူဗင်တပ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ်တို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိပါတယ်။

Photo Credit: Football Italia

ရာဘီယော့က ဂျူဗင်တပ်ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သလို ယခုနှစ် ဘောလုံးရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဂျူဗင်တပ်ဘက်က ရာဘီယော့ကို စာချုပ်သစ် ကမ်းလှမ်းခဲ့ပေမယ့် ရာဘီယော့ရဲ့ မိခင်လည်းဖြစ် ၊ အေးဂျင့်လည်း ဖြစ်တဲ့ ဗီရိုနစ်ခါက ဂျူဗင်တပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကာ သူမရဲ့သားအတွက် အသင်းသစ် ရှာဖွေပေးနေပါတယ်။

Photo Credit: Football Italia

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ ရာဘီယော့က ဂျူဗင်တပ်နဲ့ စာချုပ်သစ် မချုပ်တော့ပဲ ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ပြီး ဖြစ်သလို သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဂျူဗင်တပ်ရဲ့ တာဝန်ရှိသူတွေထံ မကြာခင် အသိပေးတော့မယ်လို့လည်း သိရှိရပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ အပါအဝင် ဥရောပ နာမည်ကြီးကလပ်တွေက ရာဘီယော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဗီရိုနစ်ခါကတော့ သူမရဲ့သားကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေမယ့် ကလပ်ဆီ ပို့ဆောင်ပေးဖို့ စီစဉ်ထားကြောင်းလည်း နီးစပ်သူတွေက ဆိုကြပါတယ်။