MySport Myanmar

အက်ဖ်အေဗိုလ်လုပွဲမှာ ချယ်လ်ဆီးအတွက် ပါဝင် ကစားပေးဖို့ ငြင်းခဲ့တဲ့ ခရစ်တန်ဆန်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နောက်ခံလူ တဦး ဖြစ်သူ ခရစ်တန်ဆန်ဟာ လီဗာပူးက ချယ်လ်ဆီးကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရသွားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ ပွဲစဉ်မှာ အသင်းအတွက် ပါဝင် ကစားပေးဖို့ ငြင်းဆန်ခဲ့ကြောင်း ချယ်လ်ဆီးနည်းပြ ဖြစ်သူ တူဟယ်လ်က အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ဟာ မကြာသေးမီကမှ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက သာမန် ပွဲကစားချိန်နဲ့ အချိန်ပိုတွေမှာ တဖက်နဲ့ တဖက် အနိုင်မယူနိုင်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ကြရာ လီဗာပူးက ချယ်လ်ဆီးကို အနိုင်ရခဲ့ကာ အက်ဖ်အေဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Fot Mob

အဆိုပါပွဲစဉ် အပြီးမှာ ချယ်လ်ဆီးက အသင်းတွင်း ပြဿနာ တချို့ကြောင့် ပြင်ဆင်ထားတဲ့ နည်းစနစ် အတိုင်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို မကစားခဲ့ရဘူး ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ယမန်နေ့မှာပဲ သူတို့ဟာ စီစဉ်ထားတဲ့အတိုင်း အက်ဖ်အေဖလား ဗိုလ်လုပွဲကို မကစားခဲ့ရပဲ ဗဟိုနောက်ခံလူ တဦး ဖြစ်သူ ခရစ်တန်ဆန်ရဲ့ တောင်းဆိုချက်ကြောင့် နည်းစနစ်တွေကို ပြောင်းလဲခဲ့ရကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Fot Mob

တူဟယ်လ်က – “ခရစ်တန်ဆန်က အသင်းအတွက် ဘယ်အချိန်မှာ ပါဝင် ကစားပေးနိုင်မလဲ ဆိုတာ သေချာ မသိသေးပါဘူး။ ခရစ်တန်ဆန်က အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားမယ့်နေ့ရဲ့ မနက်ပိုင်းမှာပဲ ကျွန်တော့်ဆီ လာပြီး ပွဲအတွက် အဆင်သင့် မဖြစ်သေးကြောင်း ပြောခဲ့ပါတယ်။ သူ့မှာလည်း ကိစ္စရပ် တချို့ ရှိနေပါတယ်။ အဲ့ဒီကိစ္စတွေက အသင်းတွင်း ကိစ္စတွေ ဖြစ်နေလို့ ကျွန်တော်က ပြောပြလို့တော့ မရပါဘူး။ ဒါပေမယ့် ခရစ်တန်ဆန် တယောက် အသင်းအတွက် မကစားပေးနိုင်ဘူး ဆိုပြီး ပြောတာက ပထမဦးဆုံးအကြိမ်တော့ မဟုတ်ခဲ့ပါဘူး။ သူက အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်မီ ကစားခဲ့တဲ့ ပွဲစဉ်မှာ အတော်လေး ခြေစွမ်းကောင်းတွေ ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်က သူ့ကို ပွဲထဲမှာ ထည့်သွင်း အသုံးပြုဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် သူက ပွဲကစားဖို့ အဆင်သင့် မဖြစ်ဘူးလို့ ပြောလာတာကြောင့် ကျွန်တော်တို့ကလည်း သူ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားရပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အသက် ၂၆နှစ် အရွယ် ဒိန်းမတ် လက်ရွေးစင် ဗဟိုနောက်ခံလူ ခရစ်တန်ဆန်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေသူ တဦး ဖြစ်ပြီး သူက စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပါတယ်။

Exit mobile version