ဂျုဗင်တပ်အသင်းရဲ့ နည်းပြ ပီယာလိုဟာ လက်ရှိရာသီမှာ အသင်းရဲ့ တိုက်စစ်မှူး ဟီဂူအင်အနေနဲ့ အသင်းကနေ ထွက်သွားတော့မှာ ဖြစ်တာကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပြီး လက်ရှိမှာတော့ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ကို ခေါ်ယူဖို့အတွက် ချိတ်ဆက်လျက် ရှိပါတယ်။ ဂျုဗင်တပ်အသင်းဟာ ဘာစီလိုနာအသင်းမှာ မက်ဆီ ဆက်နေမယ်လို့ အတည်ပြုမှု ထွက်လာပြီးတဲ့ အချိန်မှာ တိုက်စစ်မှူး ဆွာရက်စ်အနေနဲ့လည်း ဘာစီလိုနာအသင်းမှာ ဆက်နေဖွယ် ရှိတာကြောင့် ဆွာရက်စ်ကို ခေါ်ယူလို့ မရဘူး ဆိုရင် မိုရာတာကို ဒုတိယ အကြိမ် ပြန်လည် ခေါ်ယူလာနိုင်ပါတယ်။

Photo Credit: Dailymail

တိုက်စစ်မှူး မိုရာတာဟာ လက်ရှိ လာလီဂါ ပြိုင်ပွဲက အက်သလက်တီကိုအသင်းမှာ ကစားလျက် ရှိပြီးတော့ လွန်ခဲ့တဲ့ (၂၀၁၄-၁၅) ရာသီ နဲ့ (၂၀၁၅-၁၆) ရာသီ၊ (၂) ရာသီကို ဂျုဗင်တပ်အသင်းမှာ ကစားခဲ့စဉ်က စီးရီးအေ ဆုဖလား (၂) ကြိမ် အပါအဝင် ဆုဖလား (၅) ခု ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပိန် အခြေစိုက် Mundo Deportivo သတင်းက ဂျုဗင်တပ်အသင်းဟာ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ကို ခေါ်ယူဖို့ ကျဆုံးသွားမယ် ဆိုရင် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး မိုရာတာကို ပြန်လည် ခေါ်ယူဖို့ ဦးတည်လာနိုင်တယ်လို့ အခိုင်အမာ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဂျုဗင်တပ်အသင်းရဲ့ နည်းပြ ပီယာလိုဟာ ဂျုဗင်တပ်အသင်းမှာ ကစားသမား အဖြစ် နောက်ဆုံးနှစ် ကစားခဲ့စဉ်က တိုက်စစ်မှူး မိုရာတာနဲ့ လက်တွဲ ကစားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ တိုက်စစ်မှူး မိုရာတာနဲ့ ဂျုဗင်တပ်အသင်းမှာ ပြန်လည် ပေါင်းစည်းလာဖို့ ဖြစ်လာနိုင်ချေ ရှိလာပြီပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး မိုရာတာဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ လာမယ့် (၂၀၂၃) ခုနှစ်အထိ စာချုပ် ကျန်ရှိနေသေးတာကြောင့် ဂျုဗင်တပ်အသင်းအနေနဲ့ ခေါ်ယူဖို့အတွက် ကြိုးစားမယ်ဆိုရင် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အခက်အခဲ ရှိနိုင်ပြီး ဆွာရက်စ်ကို အရ ခေါ်ယူမလား စောင့်ကြည့်ရမှာပါ။