ဂျုဗင်တပ်စ်အသင်းရဲ့နည်းပြသစ်ပီယာလိုကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းကို အင်အားတောင့်တင်းနေစေဖို့အတွက် ကစားသမားသစ်တွေကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး သူရဲ့အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ကာ အသင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေသလို အသင်းကနေ ရောင်းချဖို့ရှိနေတဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကိုပါ အပြောင်းအရွှေ့ရဲ့တစိတ်တပိုင်းအဖြစ် အလိုက်ပေးဖွယ်ရှိနေပါတယ်။

အီတလီသတင်းမီဒီယာ Tuttosport ကနေ ဖော်ပြလာချက်အရ ပီယာလိုဟာ ကြာသပတေးနေ့ကပဲ အသင်းရဲ့တာဝန်ရှိသူတွေအတူ လာမယ့်ဘောလုံးရာသီအတွက် လိုအပ်တဲ့ ကစားသမားသစ်နဲ့ အသင်းကနေ ရောင်းချဖို့လိုတဲ့ ကစားသမားတွေအကြောင်းကို ဆွေးနွေးခဲ့ရာ ပေါ့ဘာကို အသင်းအတွက် Main Target အဖြစ် ရွေးချယ်ခဲ့ပြီး ဒီရာသီမှာ အသင်းအတွက် အထူးခြေစွမ်းပြခဲ့တဲ့ တိုက်စစ်ကစားသမား ဒီဘားလားကိုလည်း အသင်းကနေ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ကစားသမားဟောင်း ပေါ့ဘာကို အသင်းဆီ ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် ဒီဘားလားကိုပါ အလိုက်ပေးပြီး ကမ်းလှမ်းဖို့ပါ စီစဉ်လာခဲ့ပါတယ်။

ဂျုဗင်တပ်စ်နည်းပြသစ် ဖြစ်လာခဲ့တဲ့ ပီယာလိုက ဂျုဗင်တပ်စ်အသင်းရဲကွင်းလယ်မှာ သူနဲ့အတူ (၃)နှစ်လောက် တွဲဖက်ကစားခဲ့ပြီး စီးရီးအေချန်ပီယံဆု(၃)ကြိမ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲအထိ တတ်လှမ်းနိုင်ခဲ့ဖူးတဲ့ ပေါ့ဘာကို အသင်းဆီ ပြန်လည်ခေါ်ဆောင်နေချင်တာဖြစ်ပြီး ပေါ့ဘာကတော့ လက်ရှိမှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖွယ် ရှိနေတဲ့အတွက် ပေါ့ဘာကို အသင်းဟောင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့က ခက်ခဲနိုင်ပါတယ်။ ဒါကို ကြိုတင်သိရှိထားတဲ့ ဂျုဗင်တပ်စ်အသင်းက ယူနိုက်တက်ဘက်ကနေ ငြင်းဆန်ပယ်ချဖို့ ခက်ခဲစေနိုင်မယ့် ကမ်းလှမ်းမှုတစ်ခုအဖြစ် အသင်းရဲ့အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီလားလားအပြင် ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ပေါ့ဘာကိုလည်း ဂျုဗင်တပ်စ်ဆီ ပြန်လာနိုင်ဖို့အတွက် အသေအချာ ဆွဲဆောင်သွားဖို့ပါ ရှိနေပါတယ်။ ဒါ့အပြင် ပီယာလိုဟာ အသင်းကနေ ဒီဘားလားနဲ့အတူ ဒေါက်ဂလပ်ကော်စတာ ဟီဂွာအင် ရမ်ဆေးတို့ကို ရောင်းထုတ်သွားပြီး ဇာပါတာ ဂျက်ကိုနဲ့ ရာအူးဂျီမီနက်ဇ်တို့လို ကစားသမားတွေကို ပြန်လည်အားဖြည့်ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။