ဂျုဗင်တပ်အသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ဖြစ်သူ ပီယာလိုကတော့ လာမယ့် ရာသီကနေ စပြီး ဂျုဗင်တပ် ယူ (၂၃) အသင်းကို စတင် နည်းပြသွားရတော့မှာကြောင့် ဘာလုံး နည်းပြလောကထဲကို ပထမဆုံး အကြိမ် အဖြစ် စတင် ဝင်ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ပီယာလိုဟာ နာမည်ကျော် “Coverciano” ကျောင်းမှာ ဘောလုံး နည်းပြသင်တန်းကို တက်ရောက်ခဲ့တာ ဖြစ်ပြီး ဘောလုံး နည်းပြ တံဆိပ်ကို ရရှိနိုင်ခဲ့ပြီ  ဖြစ်တာကြောင့် လာမယ့် ရာသီကနေ ဂျုဗင်တပ် ယူ (၂၃) အသင်းကို စနည်းပြမှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

 

အီတလီ အခြေစိုက် Sky Sport Italia သတင်းက ဂျုဗင်တပ် ကွင်းလယ် ကစားသမားဟောင်း ပီယာလိုဟာ လာမယ့် ရာသီက စပြီး ဂျုဗင်တပ် ယူ (၂၃) အသင်းကို နည်းပြဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်တယ်လို့ ယခုအပတ်အတွင်းမှာ အခိုင်အမာ ဖော်ပြသွားလိုက်တာပဲ ဖြစ်ပါတယ်။ ဂျုဗင်တပ် ယူ (၂၃) အသင်းဟာ လက်ရှိမှာတော့ စီးရီး (စီ) ရဲ့ အုပ်စု ( အေ) မှာ ပါဝင်ကစားနေတာ ဖြစ်ပြီး ဂျုဗင်တပ်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ဖာဘီယို ပက်ချီးယား (Fabio Pechhia) က ဂျုဗင်တပ် ယူ (၂၃) အသင်းရဲ့ လက်ရှိ နည်းပြအဖြစ်နဲ့ ဆောင်ရွက်နေပါတယ်။

Photo Credit: Dailymail

 

ဂျုဗင်တပ် ယူ (၂၃) နည်းပြ ဖာဘီယို ပက်ချီးယားဟာ စပိန် လာလီဂါ ပြိုင်ပွဲက ရီးရဲလ်မက်ဒရစ် အသင်းမှာ လက်ထောက် နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါ မဖြစ်ခင်က ဂျုဗင်တပ် ယူ (၂၃) သင်းနဲ့ အတူ ကိုပါ အီတလီယာ စီးရီးစီ ဖလားကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အီတလီ အခြေစိုက် သတင်းတွေက ပီယာလိုဟာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ရော်ဘတ်ဆို ဘာရိုနီယို (Roberto Baronio) နဲ့ အတူ ဂျုဗင်တပ် ယူ (၂၃) အသင်းကို နည်းပြသွားမှာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး ရော်ဘတ်တို ဘာရိုနီယိုက နာပိုလီ ယူ (၁၉) အသင်းရဲ့ လက်ရှိ နည်းပြ ဖြစ်ပါတယ်။ ကွင်းလယ်လူ ပီယာလိုဟာ အေစီမီလန်အသင်းမှာ (၁၀) နှစ်ကြာ ကစားပြီးနောက် ဂျုဗင်တပ် အသင်းကို ပြောင်းခဲ့ပြီး ဂျုဗင်တပ်အသင်းမှာ (၄) နှစ်ကြာ ကစားသွားခဲ့တာ ဖြစ်ပါတယ်။