ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဖရန့်ဖတ်အသင်းမှာ အတော်လေးကို ခြေစွမ်းပြသထားနိုင်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား အန်ဒရေဆေးဗားကို မန်စီးတီး မန်ချက်စတာယူနိုက်တက် အသက်လက်တီကို ဂျုဗင်တပ်စ်နဲ့ ပီအက်စ်ဂျီအသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဒီကစားသမားနဲ့ သတင်းတွေ သိပ်မထွက်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းကနေ ဆေးဗားကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ စတင်လုပ်ဆောင်ခဲ့ရာ အခုဆိုရင် အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဆေးဗားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘွန်ဒစ်လီဂါမှာ သွင်းဂိုး(၂၈)ဂိုးအထိကို သွင်းယူနိုင်ခဲ့ပြီး လီဝန်ဒေါစကီး ရဲ့နောက် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ဘွန်ဒစ်လီဂါရဲ့ ဒုတိယမြောက် ဂိုးသွင်းအများဆုံးအဖြစ်နဲ့ပါ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီလို တိုက်စစ်စွမ်းရည်ကောင်းမွန်တဲ့ တိုက်စစ်မှူးဆေးဗားကို ဥရောပထိပ်တန်း ကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြပေမယ့် ဒီအသင်းတွေအားလုံးထက် လိုက်ပ်ဇစ်က လက်ဦးမှု ရယူနိုင်ခဲ့ပြီး အပြောင်းအရွှေ့ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ဆေးဗားရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အသင်း(၂)သင်းကြား သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ ပေါ်တို ဆီဗီလာ အေစီမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အန်ဒရေဆေးဗားအနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်က သူရဲ့ကစားသမားဘဝအတွင်း အကောင်းဆုံးဖြစ်ပြီး အသင်းကိုလည်း ဥရောပဝင်ခွင့်ရအောင်ပါ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။