MySport Myanmar

အိုနာနာရဲ့ အေးဂျင့်နဲ့ တွေ့ဆုံ ဆွေးနွေးသွားတော့မယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီကနေ့မှာပဲ အင်တာမီလန်အသင်းရဲ့ ကင်မရွန်း ဂိုးသမား အန်ဒရီအိုနာနာရဲ့ အေးဂျင့်ဖြစ်သူ အယ်လ်ဘတ်ဘိုတီနက်စ်နဲ့ မန်ချက်စတာမြို့မှာ တွေ့ဆုံရင်း အိုနာနာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်သွားတော့မယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempreinter

ယူနိုက်တက်အသင်းက ဒီနွေမှာပဲ အသင်းရဲ့ ဂိုးသမားနှစ်ဦးဖြစ်တဲ့ ဒါးဗစ်ဒီဟေးယား နဲ့ ဒင်းဟန်ဒါဆန်တို့ နှစ်ဦးလုံးကို အသင်းကနေ လက်လွတ်ရဖို့ ရှိနေတာကြောင့် အင်တာ ဂိုးသမား အိုနာနာ အပါအဝင် ပေါ်တိုရဲ့ ပေါ်တူဂီ ဂိုးသမား ကော်စတာ နဲ့ အဲဗာတန်ရဲ့ အင်္ဂလန် ဂိုးသမား ပစ်ဖို့ဒ်တို့ကို ပစ်မှတ်ထားလို့နေပြီး လက်ရှိမှာတော့ နည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ အေဂျက်စ်မှာ လက်တွဲခဲ့ဖူးသူ အိုနာနာကိုသာ အဓိက ဦးစားပေး ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : SPORTbible

လက်ရှိမှာ ယူနိုက်တက်ရဲ့ ပင်တိုင် ဂိုးသမား ဒီဟေးယားက စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးနေဆဲသာ ဖြစ်နေပေမယ့် သူရဲ့လုပ်ခလစာကို ပေါင် (၂)သိန်းလောက်အထိ လျှော့ယူသွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေသလို လစာ အမြောက်အများ ပုံအောပေးပြီး ကမ်းလှမ်းနေတဲ့ ဆော်ဒီကလပ်အသင်းတွေဆီ ပြောင်းရွှေ့ဖို့လည်း အခြေအနေများနေပါတယ်။ ဒါကြောင့် ယူနိုက်တက်ဘက်က ဂိုးသမားတွေကို ချိန်ရွယ်နေရတာဖြစ်ပြီး လက်ရှိမှာတော့ တန်ဟက်ဂ်ရဲ့ တပည့်ဟောင်းဖြစ်သူ အိုနာနာကို အခေါ်ယူချင်ဆုံး ဖြစ်နေကာ ကစားသမား အေးဂျင့်နဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်သွားပါတော့မယ်။

Photo Credit : Sempreinter

အင်တာမီလန်ဘက်ကတော့ ပြီးခဲ့တဲ့ရာသီမှာ သူတို့အသင်းအတွက် အကောင်းဆုံး လက်စွမ်းတွေ ပြသနိုင်ခဲ့သူ ဂိုးသမား အိုနာနာကို ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀)အထက် ရရှိမှသာ ရောင်းချသွားဖို့ စဉ်းစားမှာဖြစ်ပြီး ယူနိုက်တက်ကလည်း တိုက်စစ် နဲ့ ကွင်းလယ်ပိုင်းတွေမှာ ပြောင်းရွှေ့ကြေးကို ပိုမို အသုံးပြုရဖွယ် ရှိနေတာကြောင့် အိုနာနာအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း(၆၀)လောက်အထိ အသုံးပြုပါ့မလားဆိုတာ မသေချာ မရေရာသာ ရှိနေပါတယ်။

Exit mobile version