ကင်မရွန်း လက်ရွေးစင် ဂိုးသမား အန်ဒရေ အိုနာနာဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာကနေ အိုင်ဗရီကို့စ်မြို့ဆီ ခရီးနှင်နေစဉ်အတွင်း ကင်မရွန်းအသင်းရဲ့ အုပ်စုအဖွင့်ပွဲစဉ်အမီ မရောက်နိုင်ခဲ့လို့ ပွဲစဉ်ကို လွဲချော်ခဲ့ရခြင်းအပေါ် ပရိသတ်များစွာက ဝေဖန်နေကြပါတယ်။

အိုနာနာဟာ အာဖရိကဖလားပြိုင်ပွဲကို ဆင်နွဲမယ့် ကင်မရွန်းအသင်းမှာ ရွေးချယ်ခံထားရပေမယ့်လည်း ကင်မရွန်းအသင်းနဲ့ ချက်ချင်း မပူးပေါင်းသေးပဲ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ဝီဂန်နဲ့ အက်ဖ်အေဖလားပွဲအပြင် စပါးနဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲတွေအထိ ဆက်တိုက် ပါဝင်ကစားခဲ့ပါတယ်။

Photo Credit : Opta Analyst

တကယ်ဆိုရင် အာဖရိက ကစားသမားတွေအနေနဲ့ အာဖရိကဖလားပြိုင်ပွဲ မတိုင်ခင်ကတည်းက အသင်းနဲ့ ပူးပေါင်းသင့်ပေမယ့်လည်း အိုနာနာကတော့ ယူနိုက်တက်အတွက် ဆက်လက် ကစားပေးဖို့ လက်ရွေးစင်အသင်းနဲ့ သဘောတူညီမှု ရအောင် ယူခဲ့ပါတယ်။

အိုနာနာက (၁၄)ရက်နေ့မှာ ယူနိုက်တက်အတွက် ပွဲကစားပေးပြီး (၁၅)ရက်နေ့ ကင်မရွန်းရဲ့ အဖွင့်ပွဲစဉ်အမီ အာဖရိကဖလားပြိုင်ပွဲ ကျင်းပရာ အိုင်ဗရီကို့စ်နိုင်ငံဆီ ခရီးနှင်ခဲ့ပေမယ့် အချိန်မီ မရောက်သွားခဲ့လို့ အဖွင့်ပွဲကို လွဲချော်ခဲ့ရင်း အိုနာနာလည်း အပီအပြင် ဝေဖန်ခံလာရပါတယ်။

Photo Credit : Manchester United

“ကျွန်တော့်မှာ ပြောပြစရာတွေ အများကြီး ရှိနေပေမယ့် ဒီမှာတော့ ကျွန်တော် မပြောချင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပြိုင်ပွဲထဲမှာ ရှိနေလို့ပါ။ ကျွန်တော့်ကို ဆက်ပြီး ဝေဖန်နေကြပါစေ။ ဒါတွေနဲ့ ကျွန်တော်က ရင်းနှီးနေပြီးသားပါ။ ကျွန်တော်က ကိုယ့်နိုင်ငံအတွက် ကောင်းတာတွေပဲ လုပ်ဆောင်ချင်ပါတယ်။”

“ယူနိုက်တက် နဲ့ ကင်မရွန်းအတွက် ကစားပေးဖို့ ရွေးချယ်ရတာက အဖေ နဲ့ အမေမှာ ဘယ်သူ့ကို ပိုချစ်ဖို့ ရွေးချယ်ရမလဲ ဆိုသလိုပါပဲ။ ဒါပေမယ့် နိုင်ငံအတွက် ဦးစားပေးရမယ့် အချိန်မို့လို့ ကျွန်တော် အခု ဒီနေရာကို ရောက်နေတာပါ။ ကျွန်တော်တို့တွေ အတူတူ ဒီမှာ အောင်ပွဲတွေ ရရှိအောင် စွမ်းဆောင်သွားမှာပါ။” လို့ အိုနာနာက တုံ့ပြန်သွားခဲ့ပါတယ်။