MySport Myanmar

သူက စိန်ခေါ်မှုတွေအတွက် မွေးဖွားလာခဲ့တာလို့ ဆိုလိုက်တဲ့ အိုနာနာ

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ လက်စွမ်းကောင်းတွေ ပျောက်ဆုံးခဲ့ပြီးနောက် တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီ အငှားပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား အန်ဒရေ အိုနာနာက သူ့ရဲ့ကစားသမားဘဝ ဇာတ်လမ်းသစ်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တူရကီနိုင်ငံ ထရက်ဇွန်မြို့ လေဆိပ်ကို ဆိုက်ရောက်ရောက်ချင်းမှာပဲ ကင်မရွန်းဂိုးသမားက သူ့ရဲ့ ပထမဆုံးစကားသံတွေကို အခုလို ဖွင့်ဟခဲ့တာပါ။ “ကျွန်တော် ဒီကို ရောက်ခါစပဲရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းပျော်နေပြီလို့ ပြောနိုင်ပါတယ်။ ဒါက ကျွန်တော့်အတွက် ပရောဂျက်အသစ် စွန့်စားခန်းအသစ်တစ်ခုရဲ့ အစပါပဲ။”

Photo Credit : Free Malaysia Today

“ပတ်ဝန်းကျင်ကလူတွေရဲ့ ချစ်ခြင်းမေတ္တာကို အခုလို ခံစားရတာက တကယ်ကို ကြည်နူးဖို့ကောင်းပါတယ်။ သူတို့က ပထမဆုံးအခိုက်အတန့်ကတည်းက ကိုယ့်ကို အိမ်မှာနေရသလို ခံစားရစေတယ်။ ကျွန်တော် အလုပ်စလုပ်ပြီး သူတို့ရဲ့အချစ်တွေကို ပြန်ပေးသွားချင်နေပါပြီ။ ကွင်းထဲမှာ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးသွားမှာပါ” လို့ အိုနာနာက ဆိုပါတယ်။

အိုနာနာရဲ့ ပထမဆုံးပွဲစဉ်ကတော့ လွယ်ကူမှာမဟုတ်ပါဘူး။ ပြိုင်ဘက်ကြီး ဖီနာဘာချီအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်မှာ ၂၀၂၂-၂၃ ရာသီက အင်တာမီလန်မှာ အသင်းဖော်ဖြစ်ခဲ့တဲ့ နောက်ခံကစားသမား မီလန် ရှကရီညာနဲ့လည်း ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပါတယ်။

Photo Credit : BeSoccer

ဒီစိန်ခေါ်မှုနဲ့ ပတ်သက်ပြီး သူက “ကျွန်တော် အဆင်သင့်ဖြစ်နေလား? ဟုတ်ကဲ့၊ ကျွန်တော် အမြဲတမ်း အဆင်သင့်ပါပဲ။ တကယ်တော့ ဒီလိုပွဲမျိုးတွေအတွက် ကျွန်တော် မွေးဖွားလာတာလို့တောင် ပြောလို့ရတယ်။ ကစားသမားတိုင်းက ဒီလိုပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ကစားချင်ကြတာပါပဲ။ ဟုတ်ပါတယ်၊ ကျွန်တော်တို့က အရေးပါပြီး အားကောင်းတဲ့ ပြိုင်ဘက်နဲ့ ကစားရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း အားသာချက်တွေ ရှိပါတယ်။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ” လို့ ယုံကြည်ချက်ရှိရှိ ပြောကြားခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် အိုနာနာဟာ အင်တာမီလန်ကနေ ယူရို သန်း(၅၀)အထိ အကုန်အကျခံပြီး ခေါ်ယူခဲ့တဲ့ မန်ယူနိုက်တက်အသင်းမှာ စိတ်ပျက်စရာ ရာသီနှစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် အသင်းကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၀၂)ပွဲ ကစားခဲ့ရာမှာ ဂိုးပေါင်း (၁၅၀)အထိ ပေးခဲ့ရပြီး ပေးဂိုးမရှိပွဲ (၂၄)ပွဲသာ ရရှိခဲ့ပါတယ်။ သူ့အတွက် အနည်းငယ်သော ကျေနပ်စရာတွေထဲက တစ်ခုကတော့ ၂၀၂၄ ခုနှစ်၊ မေလက မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ယူပြီး FA ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version