ပရီးမီးယားလိဂ် ပြိုင်ပွဲက အဲဗာတန်အသင်းရဲ့ ကွင်းလယ် ကစားသမား အန်ဒရီ ဂိုးမက်စ်ကတော့ ပေါ်တူဂီ လက်ရွေးစင်အသင်းမှာ တိုက်စစ်မှူး ရော်နယ်ဒို နဲ့ တွဲကစားရပြီး ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်ကလည်း မက်ဆီနဲ့ တွဲကစားခဲ့ရတာကြောင့် သူတို့နှစ်ဦးစလုံးကို ချီးကျူးသွားပါတယ်။ ကွင်းလယ် ကစားသမား ဂိုးမက်စ်ဟာ ဘာစီလိုနာအသင်းမှာ (၂၀၁၆) ခုနှစ်ကနေ (၂၀၁၈) ခုနှစ် အထိ၊ နှစ်ရာသီကြာ ကစားခဲ့ပြီး ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ်က လာလီဂါ ဆုဖလား (၁) ခု၊ ကိုပါဒယ်ရေးလ် ဆုဖလား (၂) ခု နဲ့ စူပါကိုပါ ဖလား (၁) ခု စသဖြင့် ဆုဖလား (၄) ခု ရရှိခဲ့ပါတယ်။

Photo Credit: Marca

ဂိုးမက်စ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ အဲဗာတန်အသင်းကို အငှားနဲ့ လာရောက် ကစားခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် (၂၀၁၉) ခုနှစ်မှာ အဲဗာတန်အသင်းနဲ့ အပြီးသတ် စာချုပ် ချုပ်ဆိုခဲ့ပြီး အဲဗာတန်အသင်းရဲ့ အမြဲတမ်း ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဂိုးမက်စ်ဟာ (၂၀၁၉) ခုနှစ်က စပါးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ စပါး တိုက်စစ်မှူး ဆွန်ကြောင့် ခြေချင်းဝတ် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပေမယ့်လည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပြီ ဖြစ်ပြီး သူက တွဲကစားခဲ့ဖူးတဲ့ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဆီက အများကြီး သင်ယူခဲ့တယ်လို့ ဆိုပါတယ်။

Photo Credit: Marca

အန်ဒရီ ဂိုးမက်စ်က “ရော်နယ်ဒို နဲ့ မက်ဆီတို့ နှစ်ယောက်စလုံးကို ကြည့်ပြီး ပျော်ရွင်ကြရပါမယ်။ ကျွန်တော် သူတို့နှစ်ယောက်ဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။ သူတို့ နှစ်ဦးဟာ သာမန်ထက် ပိုတဲ့ ပင်ကိုယ် ပါရမီရှင် ကစားသမား နှစ်ယောက် ဖြစ်ပြီး သူတို့နှစ်ဦးမှာ အလွန် ကောင်းတဲ့ စိတ်ထား ရှိကြပါတယ်။ သူတို့က ဘယ်ပွဲမှာ မဆို အမြဲ အနိုင်ရချင်ကြတယ်။ သူတို့ မနိုင်ဘူး ဆိုရင်တော့ ဒေါသထွက်ကြတယ်။ သာမန်ရိုးရိုးပွဲမှာတောင် မနိုင်ဘူး ဆိုရင် သူတို့က ဒေါသထွက်ကြတာပါပဲ။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ စိတ်ဓါတ် ခိုင်မာမှုက မယုံနိုင်စရာ ကောင်းပါတယ်။ သူတို့ နှစ်ဦးဟာ သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းနဲ့ ပေးဆပ်ဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေကြပြီး သူတို့နှစ်ဦးက ဘယ်ပွဲမှာ မဆို အမြဲ အနိုင်ရချင်ကြပါတယ်”လို့ Marca သတင်းမှာ အခိုင်အမာ ပြောခဲ့ပါတယ်။