ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ် ကစားသမား ဟာရဲရားကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့၊ ဒုတိယကျော့ ကစားခဲ့တဲ့ (၃) ပတ် အတွင်းမှာ ပီအက်စ်ဂျီ ကစားသမားတွေကို နေ့လည်စာဧည့်ခံပြီး စည်းလုံးစေခဲ့တယ်လို့ ပြောပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဒေါ့မွန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ (၁-၂) ရလဒ်နဲ့ အရေးနိမ့်ခဲ့ပေမဲ့လည်း ဒုတိယ အကျော့ ပွဲစဉ်မှာ နေမာရဲ့ သွင်းဂိုး နဲ့ ဘာနက်ရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် (၂-ဝ) နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း ရလဒ် (၃-၂) နဲ့ နောက်တစ်ဆင့်ကို တက်သွားနိုင်ခဲ့ပါတယ်။

Photo Credit: Marca

ကွင်းလယ်လူ ဟာရဲရားဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့က မန်ယူအသင်းကနေ ပီအက်စ်ဂျီအသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းသွားခဲ့ရာမှာ ပီအက်စ်ဂျီအသင်းနဲ့ (၅) နှစ် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး စက်တင်ဘာလက ပီအက်စ်ဂျီအတွက် ပွဲဦးထွက် ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာဟာ ဒဏ်ရာ ပြဿနာကြောင့် ပီအက်စ်ဂျီအသင်းအတွက် ပွဲစဉ် ကစားရတာ နည်းပါးခဲ့ပြီး ဝေဖန်မှုတွေကို ရှိခဲ့ပေမဲ့လည်း ပီအက်စ်ဂျီ ကွင်းလယ်လူ ဟာရဲရားက နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် စဉ်းစားခဲ့ပြီး အားလုံးကို စည်းလုံးခဲ့တယ်လို့ ပြောပါတယ်။

Photo Credit: Marca

Canal+ မှာ ဟာရဲရားက “နေမာက ချန်ပီယံလိဂ် ပထမအကျော့ နဲ့ ဒုတိယအကျော့ ကစားခဲ့တဲ့ (၃) ပတ် အတွင်းမှာ ပီအက်စ်ဂျီအသင်းအတွက် အများကြီး ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အိမ်မှာ ပြုလုပ်ခဲ့တဲ့ နေ့လည်စာ စားပွဲမှာ ကျွန်တော်တို့ အားလုံး စည်းလုံးမှု တည်ဆောက်နိုင်ခဲ့ကြတာကို ကျွန်တော် မှတ်မိပါတယ်။ သူက သူနဲ့ အတူ ကျွန်တော်တို့ အားလုံးကို ခေါ်သွားခဲ့ပါတယ်။ နေမာအနေနဲ့ ပီအက်စ်ဂျီအသင်းအတွက် မစဉ်းစားပေးဘူး ဆိုတဲ့ သတင်းတွေကို ဖတ်ရတဲ့ အခါမှာ အသင်းအတွက် သူ လုပ်ပေးခဲ့တာကို မြင်ခဲ့ရတာကြောင့် ကျွန်တော်အတွက် မယုံနိုင်စရာ ဖြစ်ပါတယ်။ သူက အားလုံးကို စည်းလုံးခဲ့ပါတယ်။ သူက အများကြီး ပေးဆပ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။