ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့ အဲဗာတန် အသင်းရဲ့ ဝါရင့်နည်းပြကြီး အန်ဆလော့တီ ကတော့ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူနဲ့ ယခင်က လက်တွဲခဲ့ဖူးတဲ့ ဂျူဗင်တပ် အသင်းရဲ့ ကွင်းလယ်လူ ခီဒီယာကို အဲဗာတန် အသင်းထံ ခေါ်ယူဖွယ် ရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ယနေ့ည ၁၂နာရီ အချိန်မှာ ကစားမယ့် အဲဗာတန် အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အန်ဆလော့တီဟာ ခီဒီယာနဲ့ ပတ်သတ်ပြီး သူတို့ အသင်းရဲ့ အစီအစဉ်တွေကို ဖွင့်ဟ ပြောကြား သွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ စကားတွေဟာ အပေါင်းလက္ခဏာ ဆန်နေတာကြောင့် ခီဒီယာဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အဲဗာတန် အသင်းထံ ပြောင်းရွှေ့ လာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။

Photo Credit: Daily Mail

အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျာမန် လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ခီဒီယာဟာ အန်ဆလော့တီနဲ့ အတူ ရီးရဲလ်မက်ဒရစ် အသင်းမှာ တွေ့ဆုံခဲ့ဖူးတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အန်ဆလော့တီရဲ့ စိတ်ကြိုက် ကွင်းလယ်လူ တစ်ဦးလည်း ဖြစ်ပါတယ်။ ခီဒီယာဟာ လက်ရှိမှာ အီတလီ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းမှာ ကစားနေပေမယ့် ဂျူဗင်တပ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက သူ့ကို ရောင်းချဖို့ စဉ်းစားခဲ့တာ ဖြစ်ပြီး သူနဲ့ ဂျူဗင်တပ် အသင်းကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာလည်း ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် အဲဗာတန် အသင်းဟာ သူ့ကို ခေါ်ယူမယ် ဆိုပါက အလွန် နည်းပါးတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: Daily Mail

အန်ဆလော့တီကလည်း သူဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ အနေအထား အထိ တိုးတက်အောင် ကြိုးစားပေးချင်ကြောင်း ဖွင့်ဟ ပြောကြား ထားတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အဲဗာတန် အသင်းဟာ ကျိန်းသေပေါက် ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ခီဒီယာကို ခေါ်ယူဖို့ အစီအစဉ် ရှိလား ဆိုတဲ့ မေးခွန်းအပေါ် အန်ဆလော့တီက “ဆာမီ ခီဒီယာက ရီးရဲလ် မက်ဒရစ်အသင်းမှာ ရှိနေစဉ်က ကျွန်တော့်ရဲ့ ကစားသမား ဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ သူက ကျွန်တော်တို့ အတွက် အရေးပါခဲ့တဲ့ ကစားသမားပါ။ ကျွန်တော့်မှာ သူနဲ့ ပတ်သတ်ပြီး အမှတ်တရကောင်းတွေ ရှိနေပေမယ့် ကျွန်တော်တို့ဟာ အခုချိန်မှာ သူ့ကို ခေါ်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဇန်နဝါရီ မှာတော့ ကြိုးစားကောင်း ကြိုးစားသွားမှာပါ” လို့ ပြောကြား သွားခဲ့ပါတယ်။