စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက လာမယ့် ဇွန်လ ၁ရက်နေ့မှာ ယှဉ်ပြိုင် ကစားမယ့် ရိုးမားနဲ့ ဆီဗီးလားတို့ရဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ သူ့ရဲ့ အသင်းဟောင်း ရိုးမားကို အားပေးသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပေါ်တူဂီလူမျိုး ထိပ်သီးနည်းပြ မော်ရင်ဟို ဦးဆောင်နေတဲ့ ရိုးမားက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူရိုပါ ကွန်းဖရန့်လိဂ်ရဲ့ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဆိုစီဒက် ၊ ဖီယင်နု ၊ လေဗာကူဆင် စတဲ့ အသင်းတွေကို ကျော်ဖြတ်ကာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Football Espana

တဖက်မှာလည်း ယူရိုပါလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်း အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဆီဗီးလားက လာလီဂါပြိုင်ပွဲမှာ ရလဒ်တွေ ဆိုးဝါးနေပေမယ့် ယူရိုပါလိဂ်မှာတော့ အကောင်းဆုံး ခြေစွမ်းတွေ ပြသထားနိုင်ပြီး ဖီနာဘာချီ ၊ မန်ချက်စတာ ယူနိုက်တက် ၊ ဂျူဗင်တပ် စတဲ့ အသင်းကောင်းတွေကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ တက်လှမ်းထားတာပါ။

ရိုးမားရဲ့ ပဲ့ကိုင်ရှင် မော်ရင်ဟိုက ဖလားပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲတွေမှာ ရလဒ်ကောင်းတွေ အမြဲတမ်း ရလေ့ ရှိသလို ဆီဗီးလားကလည်း ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်ရင် သူမတူတဲ့ ခြေစွမ်းကောင်းတွေ ပြသလေ့ ရှိတာကြောင့် ရိုးမားနဲ့ ဆီဗီးလားတို့ရဲ့ ပွဲစဉ်မှာ ဘယ်အသင်းက အနိုင်ရသွားမလဲ ဆိုတာဟာ ခန့်မှန်းရ ခက်ခဲနေပါတယ်။

Photo Credit: Standard

ဘောလုံးသမား ဘဝမှာ ရိုးမားရဲ့ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားခဲ့ဖူးတဲ့ အန်ဆလော့တီကတော့ ရိုးမားနဲ့ ဆီဗီးလားတို့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ရိုးမားက နိုင်ပွဲ ရဖို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။

အန်ဆလော့တီက – “ဆီဗီးလားက ဒီရာသီမှာ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ရာသီပိတ်ခါနီးမှာ တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်နိုင်ခဲ့သလို ပုံစံကောင်း တခုကိုလည်း ရနေပါတယ်။ ရိုးမားကတော့ သူတို့ရဲ့ နောက်ထပ် ဥရောပဖလား တလုံးကို ရယူနိုင်မယ့် အခွင့်အရေးကောင်း တခုကို ရနေတာပါ။ ရိုးမားရဲ့ ကစားသမားတွေက ဗိုလ်လုပွဲတွေဆီ ရောက်ရင် အမြဲတမ်း ရလဒ်ကောင်းတွေ ရအောင် ကစားနိုင်သလို သူတို့မှာ အတွေ့အကြုံရင့် ကစားသမားတွေ အများကြီးလည်း ရှိပါတယ်။ ဒီတော့ ကျွန်တော်က ရိုးမားအနေနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။