စပိန်လာလီဂါ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကတော့ ယနေ့မနက် အစောပိုင်းမှာ လာလီဂါ ပွဲစဉ်(၇) အဖြစ် အိုဆာဆူနာနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ပွဲစဉ်မှာ တဖက် တဂိုးစီ သရေရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာကြောင့် နိုင်ပွဲဆက်နေမှုတွေ ရပ်တန့်သွားခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်က အိုဆာဆူနာနဲ့ မကစားမီ ပြိုင်ပွဲစုံမှာ ၉ပွဲဆက်တိုက် အနိုင်ရထားပေမယ့် လာလီဂါ ပွဲစဉ်(၇) အဖြစ် အိုဆာဆူနာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရချိန်မှာတော့ ကစားပုံပိုင်းအရ အသာစီး ရခဲ့ပေမယ့် အပိုင်ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာကြောင့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။

Photo Credit: Marca

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အတွက် သွင်းဂိုးကို ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဗင်နီးစီးယပ်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အိုဆာဆူနာ အတွက် ချေပဂိုးကိုတော့ တိုက်စစ်မှူး ကီခီက သွင်းယူပေးခဲ့တာပါ။ အိုဆာဆူနာနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က နောက်ကျ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ ကန်သွင်းမှုကို အိုဆာဆူနာ ဂိုးသမား ဟာရဲယားက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ လိုအပ်နေတဲ့ အနိုင်ဂိုးကို မရခဲ့ပါဘူး။

အိုဆာဆူနာနဲ့ သရေကျခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်က ပွဲစဉ်(၇) အပြီးမှာပဲ ခါးသီးပြိုင်ဘက် ဘာစီလိုနာကို ရမှတ်တူ ၊ ဂိုးကွာခြားချက်နဲ့ အဆင့်၁နေရာအား လွှဲပြောင်းပေးလိုက်ရပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီကတော့ သူတို့ရဲ့ သရေပွဲ အတွက် ပင်နယ်တီ လွဲခဲ့တဲ့ ဘန်ဇီမာကို အပြစ်မတင်လိုကြောင်း ပွဲပြီးဆုံးချိန်မှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

အန်ဆလော့တီက – “ကာရင်က အမြဲတမ်း သွင်းဂိုးတွေ သွင်းယူနေကြပါ။ ဒီနေ့ပွဲ အတွက် များများစားစားတော့ ပြောစရာ မရှိပါဘူး။ အသင်းက ချေပဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ကစားသင့်တဲ့ အတိုင်း အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ကာရင်က မိနစ် ၉၀ပြည့် ကစားဖို့ အတွက် ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သူက ဒီနေ့ပွဲမှာလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာပဲလေ။ တခါတလေတော့ ဘောလုံးလောကမှာ မတော်တဆတွေ ၊ လွဲချော်တာမျိုးတွေ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။ (ဘန်ဇီမာရဲ့ ပင်နယ်တီ လွဲချော်မှုအား ရည်ရွယ်လျက်) ဒါက သဘာဝပါပဲ။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ခံစစ်ကစားပုံ ကောင်းတယ်။ တိုက်စစ် ၊ ခံစစ် မျှအောင် ကစားနိုင်တယ်။ ပြီးတော့ တန်ပြန်တိုက်စစ် ကနေ အခွင့်အရေးတွေလည်း မပေးခဲ့ရပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။