စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီမှာ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းကို ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် လာလီဂါချန်ပီယံဆုက သူတို့အသင်းအတွက် ဖြစ်သွားပြီလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိ လာလီဂါချန်ပီယံ အက်သလက်တီကို မက်ဒရစ်အသင်းကို အဓိက တိုက်စစ်မှူး ဘန်ဇီမာ ၊ ကွင်းလယ်ကြယ်ပွင့် အဆန်စီယိုတို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အိမ်ရှင် ရီးရဲလ် မက်ဒရစ်အသင်းက ချန်ပီယံခြေစွမ်းမျိုး ပြသကာ ဧည့်သည် အက်သလက်တီကို မက်ဒရစ် အသင်းဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားသွားခဲ့ပြီး ဘန်ဇီမာ ၊ ဗင်နီးစီးယပ်စ် ၊ မိုဒရစ် ၊ အဆန်စီယိုတို့ရဲ့ ခြေစွမ်းတွေနဲ့ အတူ ထိုက်ထိုက်တန်တန် အနိုင်ရရှိခဲ့ကာ အက်သလက်တီကို မက်ဒရစ်အသင်းကို တပွဲအသာ အနေအထားနဲ့ ရမှတ် ၁၃မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အသင်းက အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ ဆီဗီးလားအသင်းကို ရမှတ် ၈မှတ် အထိ ဖြတ်ထားနိုင်တာကြောင့် ယခုနှစ်ရဲ့ လာလီဂါ ချန်ပီယံဆုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လက်ထဲကို ရောက်သွားပြီလို့ သုံးသပ်မှုတွေ ရှိလာပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီကလည်း လာလီဂါ ချန်ပီယံဆု အတွက် သူတို့အသင်းက အပြတ်အသတ် အသာစီး ရသွားပြီလို့ မက်ဒရစ်ဒါဘီအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

အန်ဆလော့တီက – “ကျွန်တော်ကတော့ အခုလိုမျိုး အသင်းရဲ့ ခြေစွမ်းပိုင်းက အမြင့်ဆုံး အနေအထားကို ရောက်ရှိနေတာဟာ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကြောင့်လို့ မထင်ပါဘူး။ ကျွန်တော်က ကွင်းထဲ ရောက်သွားရင် သူတို့ ဘာလုပ်ရမလဲ ဆိုတာကို သိတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတာကြောင့်သာ စိတ်အေးလက်အေး နေနေရတာပါ။ ကစားသမားတွေက ပွဲကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ်။ ပြီးတော့ သူတို့က ခံစစ်ပိုင်းကိုလည်း အာရုံစိုက်ခဲ့တယ်။ ဒါကပဲ အသင်းလိုက်စိတ်ဓာတ်ကို ဖြစ်စေခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ကစားသမားတွေက ထိပ်တန်း ကစားသမားတွေ ဖြစ်ရုံသာမက အသင်းလိုက် ကစားဟန်ကိုပါ ပြသနိုင်ခဲ့ပါတယ်။ ဒီအချက်ကပဲ ပွဲကို အဆုံးအဖြတ် ပေးခဲ့တာလို့ ထင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့က လာလီဂါ ချန်ပီယံဆု အတွက် သိသိသာသာ အလေးသာနေတဲ့ အနေအထားကို ရောက်သွားပါပြီ။ ကျွန်တော်တို့က တခြား အသင်းတွေထက် ပိုကောင်းတဲ့ အသင်းတသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ လာမယ့် ပွဲစဉ်တွေ အပေါ် အပြည့်အဝ အာရုံစိုက်ထားရပါမယ်။ ဒါမှလည်း လာလီဂါချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာပါ” လို့ ပြောကြားသွားခဲ့တာပါ။