အဲဗာတန်အသင်းနည်းပြ ကားလို့စ်အန်စလော့တီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူခဲ့ပြီး အသင်းအတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်စေခဲ့ရသလို လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာလည်း နောက်ထပ်ရီးရဲလ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်ကစားသမား အစ္စကို ကိုလည်း ထပ်မံခေါ်သွားဖွယ် ရှိနေတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

Photo Credit : AS English

အသက်(၂၈)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမားအစ္စကိုဟာ ဒီနှစ်ဘောလုံးရာသီမှာ ရီးရဲလ်အသင်းအတွက် လာလီဂါ(၆)ပွဲကိုသာ ပါဝင်ကစားထားခဲ့ရပြီး ဒီပွဲတွေမှာလည်း အသင်းအတွက် ပွဲချိန်ပြည့် တစ်ပွဲမှ ပါဝင်ထားရခြင်းမရှိသလို ချန်ပီယံလိဂ်မှာလည်း တစ်ပွဲမှကို မကစားထားရသေးပါဘူး။ ဒီလို ဒီလို အခြေအနေတွေရှိနေတဲ့ အစ္စကို ကို သူရဲ့ဆရာဟောင်းဖြစ်တဲ့ အန်စလော့တီက လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်လာနေပြီး ကမ်လှမ်းမှုတွေကိုလည်း ပြုလုပ်လာဖွယ်ရှိတယ်လို့ Le10Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Managing Madrid

မာလာဂါကစားသမားဟောင်း အစ္စကိုဟာ ရီးရဲလ်အသင်းကို ၂၀၁၃ခုနှစ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့လည်း ဆုဖလားအောင်မြင်မှုများစွာကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်တိုင်းမှာလည်း အသင်းအတွက် အကျိုးပြုနိုင်ခဲ့သူဖြစ်ပါတယ်။ အသင်းနဲ့ ချန်ပီယံလိဂ်ဖလား(၄)ကြိမ် လာလီဂါဖလား(၂)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့တဲ့ အစ္စကိုဟာ ဒီဘက်နောက်ပိုင်းနှစ်တွေမှာတော့ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်နေခဲ့ရလို့ သူရဲ့ခြေစွမ်းတွေက အရင်လို ထက်မြက်ခြင်း မရှိတော့သလို နည်းပြဇီဒန်းရဲ့ ယုံကြည်မှုတွေပါ ပျောက်ဆုံးလာခဲ့ရလို့ ပွဲထွက်ခွင့်တွေပါ နည်းပါးလာခဲ့ရပါတယ်။ အစ္စကိုဟာ လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၂ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရစ်တော့တာဖြစ်ပြီး သူရဲ့လက်ရှိတန်ကြေးကလည်း ယူရိုသန်း(၃၀)ဝန်းကျင်လောက် ရှိနေပါတယ်။ ဒါပေမယ့် အဲဗာတန်နည်းပြ အန်စလော့တီကတော့ အစ္စကို ကို အပြီးသတ်ခေါ်ယူဖို့ထက် ရာသီကုန်အထိသာ အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ်ရှိနေပြီး အငှားကာလအတွင်း အသင်းနဲ့ ခြေစွမ်းပြနိုင်မှသာ အပြီးသတ်ခေါ်ယူဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဒီစပိန်ကွင်းလယ်ကစားသမားကို အဲဗာတန်တစ်သင်းတည်းကပဲ စိတ်ဝင်စားနေတာမဟုတ်ပဲ မန်စီးတီး လာဇီယို ရိုးမားတို့လို ဥရောပထိပ်တန်း ကလပ်အသင်းတွေကလည်း အပြိုင်ပစ်မှတ်ထားလျက် ရှိနေကြပါတယ်။