စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီက အသင်းကနေ ထွက်ခွာသွားတဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးရဲ့ နေရာအတွက် စပါးနဲ့အတူ တောက်ပနေတဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဟော့ချ်ဘက်ကို ပြန်လည် ခေါ်ယူချင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်နဲ့ ကာလရှည် ကစားခဲ့ပြီးနောက် သူ့ရဲ့ အိမ်မက် တခု ဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရရေး အတွက် ယခု နွေဈေးကွက် အတွင်းမှာ ရီးရဲလ်မက်ဒရစ်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ထံ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း + အပိုဆုကြေး ပေါင် ၁၀သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ကို မကြာခင်မှာပဲ ယူနိုက်တက်ရဲ့ ဝတ်စုံနဲ့ တွေ့မြင်ရပါတော့မယ်။

Photo Credit: Football 365

ကတ်စ်မဲရိုးက ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်သူ အန်ဆလော့တီက ကတ်စ်မဲရိုးကို ဆုံးရှုံးရပြီးနောက် အသင်းရဲ့ လူငယ် ကွင်းလယ်လူတွေ ဖြစ်တဲ့ ကာမာဗင်ဂါနဲ့ ချူအာမီနီတို့ နှစ်ဦးအနက် တဦးကို ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုး သုံးစွဲရဖို့ ရှိနေပါတယ်။

Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ အန်ဆလော့တီက ချူအာမီနီဟာ ကတ်စ်မဲရိုးရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား အဖြစ် ယုံကြည်နေပေမယ့် ချူအာမီနီနဲ့အပြိုင် ကွင်းလယ်ခံစစ် နေရာကို ယှဉ်လုနိုင်စွမ်း ရှိတဲ့ နောက်ထပ် ကွင်းလယ်ခံစစ် ကစားသမား တဦးကို လိုချင်နေပြီး စပါးနဲ့အတူ ခြေစွမ်းပြနေတဲ့ ဟော့ချ်ဘက်ကို ခေါ်ယူပေးဖို့ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေထံ တင်ပြ တောင်းဆိုထားကြောင်း သိရပါတယ်။

Photo Credit: Football 365

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ အန်ဆလော့တီရဲ့ တောင်းဆိုချက်အတိုင်း လုပ်ပေးမလား ၊ မလုပ်ပေးဘူးလား ဆိုတာကို မဆုံးဖြတ်ရသေးပဲ ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ကော်တီညာနာက ရီးရဲလ်မက်ဒရစ်ဟာ ကတ်စ်မဲရိုးရဲ့ နေရာအတွက် အစားထိုး ကစားသမား ခေါ်ဖို့ထက် အသင်းအတွက် အကျိုးရှိမယ့် ခေါ်ယူမှု တခုကို လုပ်ဆောင်ဖို့ အခွင့်အလမ်း များနေကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက ချူအာမီနီ ၊ ကာမာဗင်ဂါနဲ့ အလာဘာတို့ သုံးဦးစလုံးဟာ ကွင်းလယ်ခံစစ် နေရာမှာ ကစားနိုင်စွမ်း ရှိကြောင်း ယုံကြည်နေကြတယ်လို့ ဆိုထားပါတယ်။

အသက် ၂၇နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဟော့ချ်ဘက်က ကတ်စ်မဲရိုးလို ခံစစ်အားသန် ကွင်းလယ်လူ တဦး ဖြစ်ပြီး သူဟာ စပါးနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်ရှိနေသေးတာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ သူ့ကို ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ၅၀သန်းကြား သုံးစွဲရနိုင်ပါတယ်။