စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ အုပ်စုတွင်း အင်အားကြီးပြိုင်ဘက် ဖြစ်တဲ့ အင်တာမီလန်အသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် သူတို့အသင်းဟာ ယခုနှစ်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အသင်းရဲ့ အဓိက နောက်ခံလူတွေ ဖြစ်တဲ့ ဆာဂျီယို ရာမို့စ်နဲ့ ဗာရန်းတို့ နှစ်ဦးစလုံးကို လက်လွှတ် ဆုံးရှုံးခဲ့ရတာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ရုန်းကန်ရနိုင်တယ်လို့ သုံးသပ်ခံထားရပေမယ့် အန်ဆလော့တီ ရောက်ရှိလာမှု ၊ အသင်းရဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်တဲ့ ဗင်နီးစီးယပ်စ် ၊ ဗယ်ဗာဒီတို့ရဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်မှုတို့ကြောင့် အသင်းရဲ့ ခြေစွမ်းပိုင်းက ကျဆင်းသွားခြင်း မရှိခဲ့ပါဘူး။

Photo Credit: Daily Mail

ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပွဲ ၆ပွဲ ကစားခဲ့ရာ ၅ပွဲနိုင် ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၁၅မှတ် အထိ ပိုင်ဆိုင်ခဲ့ပြီး အုပ်စုDရဲ့ အုပ်စုဗိုလ် အဖြစ်နဲ့ ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အိမ်ကွင်း ဘာနေဗျူးကွင်းမှာ အင်တာမီလန်အသင်းကို ဧည့်ခံကစားကာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာတော့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ အန်ဆလော့တီက သူတို့အသင်းဟာ ယခုနှစ်ရဲ့ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

အန်ဆလော့တီက – “ကျွန်တော်တို့မှာ လာလီဂါ ချန်ပီယံ ဖြစ်နိုင်တဲ့ အရည်အချင်း ရှိသလို ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်အောင်လည်း ယှဉ်ပြိုင်နိုင်တဲ့ အစွမ်းအစ ရှိပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ပြီလို့ တပ်အပ် ပြောနိုင်တဲ့ အသင်းတော့ မရှိပါဘူး။ အသင်းအားလုံးက ဗိုလ်စွဲနိုင်တဲ့ အရည်အချင်းမျိုး ပိုင်ဆိုင်ထားပါပြီလို့ ပြောလို့ပဲ ရပါမယ်။ အခု ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အတော်လေး ကစားအား ကောင်းတဲ့ အသင်းတွေ ရှိသလို အရည်အသွေး မြင့်မားတဲ့ အသင်းတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့ရဲ့ ခံစစ် ကစားပုံက အကောင်းကြီးတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းက အရည်အချင်း ရှိတယ်။ အတွေ့အကြုံ ရှိတယ်။ အသင်းအပေါ် ပေးဆပ်မှု အပြည့်အဝ ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။