ရီးယဲလ်မက်ဒရစ်အသင်း နည်းပြကြီး ကားလို့အန်စလော့တီက အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ရဲ့ စွမ်းဆောင်ရည်တွေအပေါ် ချီးကျူး ပြောဆိုလာခဲ့ပြီး အခုခတ် ဘောလုံးကမ္ဘာရဲ့ အဆုံးအဖြတ် အပေးနိုင်ဆုံး ကစားသမားတစ်ဦးလို့ပါ တင်စား ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ရီးယဲလ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဗင်နီစီယပ်စ်က လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုး (၂)ဂိုးလုံးကို သွင်းယူပေးခဲ့သူဖြစ်ပြီး ဘန်ဇီမာရဲ့ ပဉ္စမမြောက် သွင်းဂိုးကိုပါ ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။ လီဗာပူးလ်ခံစစ်ကို မွှေနှောက်နိုင်သူ အားပါ ပြင်းထန်တဲ့ ကန်ချက်တွေနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နိုင်သူ ဗင်နီစီယပ်စ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဂိုးကန်ချက် (၂၈)ကြိမ်နဲ့ ဂိုးပေါက်တည့်ကန်ချက် (၁၅)ကြိမ်အထိကို လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Image

Photo Credit : Twitter

ဗင်နီစီယပ်စ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး ရီးယဲလ် နည်းပြကြီး အန်စလော့တီက “ဗင်နီစီယပ်စ်ဟာ ယနေ့ ကမ္ဘာ့ဘောလုံးလောကမှာ အဆုံးအဖြတ် အပေးနိုင်ဆုံး ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ဒီလို ဆက်တိုက် လုပ်ဆောင်နေနိုင်တဲ့ ကစားသမား မရှိပါဘူး။ သူက မရပ်မနားပဲ ဆက်သွားနေတယ်။ ဒီအတိုင်း ဆက်သွားနေနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ဗင်နီစီယပ်စ်ဟာ မနေ့ညက ပွဲစဉ်အတွင်း ဂိုးကန်ချက် (၃)ကြိမ် ပြုလုပ်ခဲ့ပြီး အဲ့ဒီ (၃)ကြိမ်လုံး တိကျတဲ့ ကန်သွင်းမှုတွေ ဖြစ်ခဲ့ရသလို ဂိုး(၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁)ကြိမ် ရရှိခဲ့ကာ တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ ညာခြေအားသန် ဘယ်တောင်ပံ ကစားသမားလေး ဗင်နီစီယပ်စ်က ဒီရာသီအတွင်း ရီးယဲလ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၅)ပွဲ ပါဝင်ကစားထားရင်း စုစုပေါင်း (၁၈)ဂိုး သွင်းယူထားပြီး (၉)ဂိုး ဖန်တီးထားပေးခဲ့ပါတယ်။ ဗင်နီက ဒီရာသီ ချန်ပီယံလိဂ်မှာ (၇)ပွဲကစား (၆)ဂိုး သွင်းထားနိုင်တဲ့အထိ အတော်လေးကို ဂိုးသွင်းခြေတွေ့နေပြီး မနှစ်က ချန်ပီယံ ဖြစ်ခဲ့တုန်းကထက် ပိုပြီးတော့ကို စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။