ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့် နည်းပြကြီး ကားလို့အန်စလော့တီက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပသွားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲမှာ သူတို့ ရီးယဲလ်အသင်းနဲ့ သူရဲ့အသင်းဟောင်း အေစီမီလန်တို့ ထိပ်တိုက် တွေ့ဆုံလိမ့်မယ်လို့ ပြောဆိုထားခဲ့ကြောင်း မီလန်ရဲ့ အားကစားဒါရိုက်တာ ပေါ်လိုမာလ်ဒီနီက ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Alamy

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတား ဆီမီး ဖိုင်နယ် ပွဲစဉ်တွေအတွက် မဲနှိုက်ရေးဆွဲမှုအပြီးမှာ ရီးယဲလ် နဲ့ မီလန်တို့ လမ်းကြောင်းတစ်ဖက်ဆီမှာ ကျရောက်နေလို့ သူတို့သာ ကွာတားနဲ့ ဆီမီးမှာ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင် ဗိုလ်လုပွဲတွင် တွေ့ဆုံကြမှာ သေချာနေပါတတယ်။ အစ္စတန်ဘူလ်ဆိုတာကလည်း အန်စလော့တီအပြင် မာလ်ဒီနီအတွက် အမှတ်တရတွေနဲ့ ပြည့်နက်နေတဲ့ နေရာဖြစ်ပြီး ၂၀၀၅ ချန်ပီယံလိဂ် ဖိုင်နယ်မှာ လီဗာပူးလ်အသင်းကို (၃)ဂိုးပြတ်နဲ့ ဦးဆောင်ပြီးမှ (၃)ဂိုး ပြန်လည် ခွင့်ပြုရရင်း နောက်ဆုံးမှာ ပင်နယ်တီ အဆုံးအဖြတ်ပါ ခံယူခဲ့ရရင်းနဲ့ နောက်ဆုံး မီလန်က ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Marca

အဲ့ဒီအချိန်တုန်းက မီလန်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့သူ အန်စလော့တီက လက်ရှိမှာ ရီးယဲလ်အသင်း နည်းပြအဖြစ် တာဝန်ယူနေသလို မီလန် အသင်းခေါင်းဆောင်ဟောင်းကြီး မာလ်ဒီနီကလည်း မီလန်ရဲ့ အားကစားဒါရိုက်တာ ရာထူးကို ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ “ဘာက ပြသာနာလဲဆိုတာ သိလား။ အန်စလော့တီပဲ။ အခု ရီးယဲလ်မက်ဒရစ်မှာ ရှိနေတဲ့သူကြီးပေါ့။ ချန်ပီယံလိဂ်အတွက် မဲနှိုက်ပြီးပြီးချင်းပဲ ပေါ်လိုရေ အစ္စတန်ဘူလ်မှာ တွေ့ကြမယ်။ အဆင်ပြေလားဆိုပြီး ကျွန်တော့်ဆီ ဖုန်းဆက်လာခဲ့ပါတယ်” လို့ မာလ်ဒီနီက ပြောဆိုသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံ ရီးယဲလ်က ကွာတားမှာ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ချဲလ်ဆီးကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ မန်စီးတီး နဲ့ ဘိုင်ယန်တို့ထဲက တစ်သင်းသင်းနဲ့ ဆီမီးမှာ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ မီလန်ကလည်း ကွာတားမှာ စီးရီးအေပြိုင်ဘက် နာပိုလီနဲ့ တွေ့ဆုံနေပြီး နာပိုလီကိုသာ ဖြတ်ကျော်ခဲ့မယ်ဆိုရင်တော့ အင်တာမီလန် ဘင်ဖီကာတို့မှ အနိုင်ရလာမယ့် အသင်းနဲ့ ဆီမီးမှာ ဆက်လက် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ဆီမီးမှာလည်း နိုင်ပွဲ အသီးသီးတွေ ထပ်ရဦးမယ်ဆိုရင်တော့ အန်စလော့တီက သူ့အသင်းဟောင်းနဲ့ ပြန်လည် ရင်ဆိုင်ရပါလိမ့်မယ်။