MySport Myanmar

ဘာပေက အတ္တကြီးမားသူ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အန်ဆယ်လော့တီ

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ဝါရင့် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက ပြင်သစ် နာမည်ကျော် သတင်းမီဒီယာ L’Équipé နဲ့ အင်တာဗျူး ပြုလုပ်စဉ်မှာ ဒီနွေမှ အသင်းဆီ ခေါ်ယူထားတဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေအကြောင်းနဲ့ ပတ်သက်ပြီးတော့ ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဒီနွေမှာပဲ ပြင်သစ် ထိပ်တန်းကစားသမား ဘာပေကို ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အသင်းအတွက် mega signing ကြီးတစ်ခု လုပ်ဆောင်နိုင်ခဲ့ပေမယ့် ဘာပေ ဗင်နီစီယပ်စ် ရိုဒရီဂို ဘယ်လင်ဟမ်တို့ရဲ့ တိုက်စစ်အစုအဖွဲ့က ထင်ထားသလောက် အလုပ်မဖြစ်ဘဲ ရှိနေပါတယ်။

Photo Credit : Daily Journal

ပီအက်စ်ဂျီနဲ့ ပြင်သစ်မှာ ဘယ်တောင်ပံနေရာ ကစားသူဖြစ်တဲ့ ဘာပေဟာ ရီးယဲလ်မှာတော့ ဗင်နီစီယပ်စ်က ဘယ်တောင်ပံမှာ ကစားတာဖြစ်လို့ အထောင်တိုက်စစ်နေရာမှာသာ ကစားနေရပြီး လက်ရှိ သွင်းယူထားတဲ့ ပြိုင်ပွဲစုံ (၈)ဂိုးမှာလည်း ပင်နယ်တီကနေ သွင်းယူထားတဲ့ ဂိုးက (၃)ဂိုးအထိတောင် ပါဝင်နေပါတယ်။

ဘာပေဟာ ပီအက်စ်ဂျီမှာ ကစားခဲ့စဉ်တုန်းက အသင်းအတွင်း လုပ်ပိုင်ခွင့်တွေ အတော်လေး ရရှိထားသူလို့ နာမည်ထွက်ခဲ့သလို အတ္တကြီးသူ တစ်ကိုယ်ကောင်းဆန်သူဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အန်ဆယ်လော့တီက “ဘာပေမှာ ဘာအတ္တတွေ ဘာတစ်ကိုယ်ကောင်းဆန်မှုတွေမှ ရှိမနေပါဘူး။”

Photo Credit : beIN SPORTS

“သူ ဒီအသင်းကို ရောက်လာကတည်းက အသင်းမှာ ချက်ချင်းဆိုသလိုပဲ လျင်လျင်မြန်မြန်နဲ့ အထိုင်ကျသွားခဲ့တယ်။ အသင်းဖော်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထူထောင်နိုင်ခဲ့ပါတယ်။ ဘာပေက ဒီအသင်းကို ကောင်းမွန်တဲ့ စိတ်နေစိတ်ထားတွေ ကောင်းမွန်တဲ့ ခံယူချက်တွေနဲ့ ရောက်လာခဲ့တာပါ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် အန်ဆယ်လော့တီက သိပ်မကြာသေးခင်က ဗင်နီစီယပ်စ်နဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ ဗင်နီစီယပ်စ်က တောင်ပံနှစ်ဖက်လုံးရော အထောင်မှာပါ ကစားနိုင်သူ ဖြစ်ပေမယ့် သူကတော့ ဗင်နီကို နေရာပြောင်းပြီး ကစားစေမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာကြောင့် ဘာပေကို သူကစားချင်နေတဲ့ ဘယ်ခြမ်းထက် အထောင်တိုက်စစ်နေရာမှာသာ ဆက်လက် အသုံးပြုသွားဖွယ်လည်း ရှိနေပါတယ်။

Exit mobile version