အဲဗာတန် အသင်း ရဲ့ နည်းပြ ဖြစ်သူ ကာလို အန်ဆလော့တီ ကတော့ အသင်းကို တစ်နှစ် တာဝန်ယူ ကိုင်တွယ်ပြီး နောက်မှာတော့ အဲဗာတန် အသင်းကို ချန်ပီယံလိဂ် ပြိုင်ပွဲဆီ ကို ရောက်အောင် ပို့ပေးနိုင်မယ်လို့ သူ့အနေနဲ့ ယုံကြည်မှု ရှိနေကြောင်း ပြောဆိုလာပါတယ်။ အီတလီလူမျိုးနည်းပြ တစ်ဦးဖြစ်သူ ကာလို အန်ဆလော့တီဟာ အဲဗာတန် အသင်းဆီကို ၂၀၁၉ ခုနှစ် ဒိဇင်ဘာလ ၂၁ ရက်နေ့က ရောက်ရှိလာတာ ဖြစ်ပြီးတော့ ထိုအချိန်တုန်းက အဲဗာတန် အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံး ဆယ်သင်းစာရင်းမှာ ရပ်တည်နေခဲ့တဲ့ အချိန် ဖြစ်ပါတယ်။ ဒါ့အပြင် အဲဗာတန် အသင်းဟာ ရာသီ ပြီးဆုံးချိန်မှာလည်း အမှတ်ပေးဇယား ရဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်ခဲ့ရပါတယ်။

Photo Credit: Sky Sports

ဒါပေမယ့်လည်း ကာလို အန်ဆလော့တီ ကိုင်တွယ်ပြီး တစ်နှစ်ပြည့်ခါနီး အချိန်မှာတော့ အဲဗာတန် အသင်းရဲ့ ခြေစွမ်းပိုင်းက သိသိသာသာ တိုးတက်လာခဲ့သလို ဒီရာသီ အစပိုင်းမှာလည်း တာထွက် ရောင်းခဲ့တဲ့ အသင်းတွေထဲက တစ်သင်းအပါအဝင် ဖြစ်ခဲ့ပါတယ်။ ရာသီအစပိုင်းမှာ လေးပွဲဆက် အနိုင်ရရှိခဲ့တာ ကြောင့် အသင်းအတွက် တာထွက်က အလွန်ရောင်းခဲ့ပြီး ဇယားရဲ့ ထိပ်ပိုင်းမှာ ရောက်ရှိခဲ့ပါသေးတယ်။ အန်ဆလော့တီ အနေနဲ့ကတော့ အဲဗာတန် အသင်းနဲ့ လေးနှစ်ခွဲ စာချုပ် ချုပ်ဆိုထားပြီးတော့ ဥရောပ ထိပ်တန်း ဘောလုံးပြိုင်ပွဲတွေမှာ ကစားရဖို့က အသင်းအတွက် ရည်မှန်းချက်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော်တို့ ဒီရာသီမှာရော၊ နောက်ရာသီမှာပါ ပိုပြီး ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အသင်းကို တိုးတက်ဖို့ရော၊ အဆင့်အတန်း တိုးမြှင်ဖို့ရောက ကျွန်တော်တို့ အနေနဲ့ အနည်းဆုံး နှစ် နှစ်လောက်တော့ အချိန်ပေးရပါတယ် ”

Photo Credit: Sky Sports

“ နောက်ရာသီ အတွက် ကျွန်တော်တို့ ရဲ့ ပစ်မှတ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ၄သင်းထဲကို ဝင်နိုင်ဖို့ပါပဲ။ ခင်ဗျား အနေနဲ့ ထိပ်ဆုံး ၄ သင်းထဲကို ရောက်နေပြီး၊ ထိပ်ဆုံး ၄ သင်းနေရာ အတွက် ခင်ဗျား အနေနဲ့ တိုက်ပွဲဝင်နိုင်နေပြီဆိုရင် အဲ့ဒါက ခင်ဗျား အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်နေပြီ ဆိုတာကို ပြသ နေတာပါပဲ။ နောက်ရာသီ ဥရောပမှာ ကစားရဖို့က ကျွန်တော်တို့ရဲ့ ပစ်မှတ်ပါပဲ။ အကယ်၍ အဲ့ဒါက ချန်ပီယံလိဂ် ဖြစ်မယ်‌ဆိုရင်တော့ ကျွန်တော်တို့ အတွက် အိမ်မက် မက်နေရသလိုပဲ ဖြစ်နေမာပါ။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဥရောပ မှာ ကစားရဖို့ နေရာ တစ်နေရာတော့ ရရှိအောင် ယှဉ်ပြိုင်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ တာထွက် ကောင်းခဲ့တယ်။ အဲ့ဒါက မယုံနိုင်လောက်အောင်ပါပဲ။ အဲ့ဒီနောက် ကျွန်တော်တို့ ပွဲစဉ်အချို့ကို ရှုံးနိမ့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အရင်ကထက် ပိုပြီးတည်ငြိမ်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားနေပါပြီ။ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာ အနည်းငယ်ရှိတယ်။ အနည်းငယ် ယုံကြည်မှု ပျောက်နေတယ်။ ဒါပေမယ့် ကျွန်တော် ရောက်ရှိလာတဲ့ အချိန်ကနဲ့ စာရင် အသင်းအနေနဲ့ ပိုပြီး တည်တည်ငြိမ်ငြိမ် နဲ့ ကစားနေနိုင်ပါပြီ ” လို့ ပြောဆိုခဲ့ပါတယ်။