MySport Myanmar

ရိုဒရီက ၂၀၂၃ခုနှစ်ရဲ့ ဘာလွန်းဒေါဆုကိုသာ ရသင့်တယ်လို့ အန်ဆယ်လော့တီ ဆို

ရီးယဲလ် မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ရိုဒရီဟာ ၂၀၂၃ခုနှစ်မှာ ချီးမြှင့်ခဲ့တဲ့ ဘာလွန်းဒေါဆုကို လီယွန်နယ် မက်ဆီထက် ကျော်လွန်ပြီး ဆွတ်ခူး ရရှိသင့်တယ်လို့ အံ့အားသင့်ဖွယ် မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးရဲ့ စပိန် ကွင်းလယ်ခံစစ်ကစားသမား ရိုဒရီဟာ ၂၀၂၄ ဘာလွန်းဒေါဆုပေးပွဲမှာ ရီးယဲလ် မက်ဒရစ်ကြယ်ပွင့်တွေဖြစ်တဲ့ ဗင်နီစီယပ်စ်နဲ့ ဘယ်လင်ဟမ်တို့ကို ကျော်ဖြတ်ပြီး ဘာလွန်းဒေါဆုကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုအပေါ်မှာ အငြင်းအခုံတွေ ရှိနေခဲ့ရပြီး ရိုဒရီထက် ဗင်နီစီယပ်စ်ကသာ ဒီဆုကို ရသင့်တယ်လို့ မှတ်ချက်ပြုထားကြပါသေးတယ်။

Photo Credit : Goal

၂၀၂၄ ဘာလွန်းဒေါမှာ ရိုဒရီ ဆုရမယ်လို့ သတင်းထွက်ခဲ့ပြီးနောက် ဒီဆုပေးပွဲကို ရီးယဲလ် မက်ဒရစ် တစ်သင်းလုံးက တက်ရောက်ခြင်း မရှိဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။ အခုတော့ ရီးယဲလ်ဟာ ၂၀၂၄ ဘာလွန်းဒေါဆုရှင် ရိုဒရီရဲ့ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ်မှာ ထပ်မံ ဆုံတွေ့ရပြန်ပြီဖြစ်ပြီး ရိုဒရီကတော့ ACL ရထားတာကြောင့် ဒီပွဲကို လွဲချော်ရပါမယ်။

ဒီနေ့ မန်ချက်စတာမှာ စတင် ကစားရမယ့် ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ ပထမအကျော့ပွဲစဉ်နဲ့ ပတ်သက်ပြီး ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက မန်စီးတီး ကစားသမား ရိုဒရီနဲ့ ဘာလွန်းဒေါအကြောင်းကို ပြောဆိုလာခဲ့ပါတယ်။ “ကျွန်တော်တို့က ဗင်နီစီယပ်စ်ကို ပြီးခဲ့တဲ့နှစ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်ခဲ့တယ်။”

Photo Credit : Metro

“ဒါက ရိုဒရီကို မလေးစားဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ၂၀၂၃ ခုနှစ်ရဲ့ ဘာလွန်းဒေါဆုကို သူ ဆွတ်ခူးသင့်တယ်လို့ပဲ ခံစားမိတယ်။” လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၂၃ခုနှစ်မှာ အာဂျင်တီးနား စူပါစတားကြီး မက်ဆီက (၈)ကြိမ်မြောက် ဘာလွန်းဒေါဆုကို ဆွတ်ခူးခဲ့ပေမယ့် ရိုဒရီကတော့ အဆင့်(၅)နေရာသာ ရခဲ့ပါတယ်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီတုန်းက ရိုဒရီဟာ မန်စီးတီးနဲ့အတူ Treble Champions ဖြစ်ခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာလည်း တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပေမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ မက်ဆီကသာ ၂၀၂၃ရဲ့ ဘာလွန်းဒေါဆုရှင် ဖြစ်ခဲ့ရပါတယ်။

Exit mobile version