MySport Myanmar

နေမာရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ဟာ အာမခံချက်မရှိကြောင်း အန်ဆလော့တီ ဆို

ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြချုပ် ကာလို အန်ဆလော့တီက စူပါစတား နေမာရဲ့ လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ဟာ အာမခံချက်မရှိကြောင်းနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ်မှာသာ လုံးဝမူတည်နေကြောင်း ပြတ်ပြတ်သားသား သတိပေးစကား ပြောကြားလိုက်ပါတယ်။ ဒီနွေရာသီမှာ ဘရာဇီးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီးကတည်းက အန်ဆလော့တီဟာ ဇွန်လနဲ့ စက်တင်ဘာလ နိုင်ငံတကာပွဲစဉ်တွေအတွက် ရွေးချယ်ခဲ့တဲ့ လူစာရင်းတွေမှာ နေမာကို ချန်လှပ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် ရွေးချယ်ခဲ့တဲ့ လူစာရင်းမှာ နေမာ ချန်လှပ်ခံခဲ့ရခြင်းနဲ့ပတ်သက်ပြီး နည်းပြနဲ့ ကစားသမားကြားမှာ သဘောထားကွဲလွဲမှုတစ်ခု ရှိခဲ့ပါတယ်။ နည်းပြချုပ် အန်ဆလော့တီက တိုက်စစ်မှူးကို ကြံ့ခိုင်မှုပြဿနာကြောင့် ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပေမယ့် အသက် (၃၃)နှစ်အရွယ် နေမာကတော့ သူ့ကို နည်းစနစ်ပိုင်းဆိုင်ရာကိစ္စတွေကြောင့်သာ ချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း နည်းပြရဲ့ပြောဆိုမှုကို ဆန့်ကျင်ပြောဆိုခဲ့ပါတယ်။

 

Photo Credit : Daily Mail

အခုအခါမှာတော့ အန်ဆလော့တီက နေမာအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နောက်ဆုံးလူစာရင်းမှာ ပါဝင်ချင်တယ်ဆိုရင် သူ့ရဲ့ကြံ့ခိုင်မှုကို သက်သေပြဖို့ လိုအပ်ကြောင်း ထပ်မံသတိပေးလိုက်တာဖြစ်ပါတယ်။ ESPN သတင်းဌာနနဲ့ တွေ့ဆုံရာမှာ အီတလီလူမျိုးနည်းပြကြီးက “ကျွန်တော်တို့က နေမာ ဘယ်လိုကစားသလဲဆိုတာကို စောင့်ကြည့်နေမှာမဟုတ်ဘူး၊ သိသာပါတယ်။ သူ့ရဲ့အရည်အချင်းကို လူတိုင်းသိတယ်။ ဒါပေမဲ့ ခေတ်သစ်ဘောလုံးလောကမှာ သူ့ရဲ့အရည်အချင်းကို အကောင်းဆုံးအသုံးချနိုင်ဖို့အတွက် ကစားသမားတစ်ယောက်က ကောင်းမွန်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုအခြေအနေမှာ ရှိနေဖို့လိုတယ်။”

“သူသာ အကောင်းဆုံးကြံ့ခိုင်မှုအခြေအနေမှာ ရှိနေမယ်ဆိုရင် လက်ရွေးစင်အသင်းမှာ ပါဝင်ဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ လူတိုင်းက ကြံ့ခိုင်မှုကောင်းမွန်နေတဲ့ နေမာကိုပဲ လက်ရွေးစင်အသင်းမှာ မြင်ချင်ကြတာပါ။ ကျွန်တော် သူနဲ့စကားပြောခဲ့ပြီး ‘မင်း ပြင်ဆင်ဖို့ အချိန်အလုံအလောက်ရှိတယ်၊ ကမ္ဘာ့ဖလားမှာ အသင်းကို အကောင်းဆုံးကူညီနိုင်ဖို့ အကောင်းဆုံးနည်းလမ်းနဲ့ ပြင်ဆင်ပါ’ လို့ ပြောခဲ့ပါတယ်။”

Photo Credit : Goal

“သူ့ကို ဘယ်နေရာမှာ ကစားစေမလဲဆိုရင် ကွင်းလယ်တိုက်စစ် ဒါမှမဟုတ် တိုက်စစ်မှူးစစ်စစ်နေရာမှာပါ။ သူက ဗဟိုမှာပဲ ကစားရမယ်၊ တောင်ပံမှာ ကစားလို့မရဘူး။ ဘာလို့လဲဆိုတော့ ခေတ်သစ်ဘောလုံးလောကက ခန္ဓာကိုယ်ကြံ့ခိုင်မှု အရည်အသွေးကောင်းတဲ့ တောင်ပံကစားသမားတွေကို လိုအပ်လို့ပါပဲ။” လို့ အန်ဆလော့တီက ရှင်းပြခဲ့ပါတယ်။

ဘရာဇီးလ်စူပါစတား နေမာဟာ သူ့ရဲ့ကလပ်အသင်း ဆန်းတို့စ်အတွက် မနက်ဖြန် (တနင်္ဂနွေနေ့) မှာ ကစားမယ့် အက်သလက်တီကို မင်နံလ်ရိုးနဲ့ ဘရာဇီးလ်စီးရီးအေပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားမှာဖြစ်ပါတယ်။ သူဟာ လာမယ့်လတွေမှာ ကြံ့ခိုင်မှုအပြည့်အဝရှိနေဖို့နဲ့ သူ့ရဲ့အရည်အသွေးကို နိုင်ငံအသင်းနည်းပြဆီ သက်သေပြနိုင်ဖို့ မျှော်လင့်နေမှာ သေချာပါတယ်။

Exit mobile version