MySport Myanmar

ဗင်နီစီယပ်စ်က ဘာလွန်းဒေါဆုကို ဆွတ်ခူးလိမ့်မယ်လို့ ပြောဆိုလာတဲ့ အန်ဆယ်လော့တီ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက သူတို့အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဗင်နီစီယပ်စ် ဂျူနီယာဟာ ၂၀၂၄ခုနှစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဘာလွန်းဒေါဆုကို ဆွတ်ခူးသွားလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

(၆၈)ကြိမ်မြောက်အဖြစ် ချီးမြှင့်သွားမယ့် ဘာလွန်းဒေါဆုပေးပွဲကို လာမယ့် အောက်တိုဘာလ (၂၈)ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ် လက်ရွေးစင် ရီးယဲလ်မက်ဒရစ် တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့ တစ်ပြေးလို့နေပါတယ်။

Photo Credit : Youtube

ဘာလွန်းဒေါဆုရဲ့ သမိုင်းတစ်လျှောက် ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ဘရာဇီးလ် ကစားသမားက ရော်နယ်လ်ဒို နာဇာရီယို ၊ ရော်နယ်လ်ဒင်ဟို ၊ ကာကာနဲ့ ရီဗယ်လ်ဒိုတို့ (၄)ဦး ရှိခဲ့ပြီး အခုတော့ ဗင်နီစီယပ်စ် (၅)ဦးမြောက် ဘာလွန်းဒေါဆုရှင် ဘရာဇီးလ် ကစားသမား ဖြစ်လာဖို့ အတော်လေး နီးစပ်နေရပါတယ်။ သူ ပြီးခဲ့တဲ့ ရာသီမှာ ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေ ပိုင်ဆိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

ဗင်နီစီယပ်စ်နဲ့ ပတ်သက်ပြီး နည်းပြကြီး အန်ဆယ်လော့တီက “ကျွန်တော့်အမြင်အရတော့ ဗင်နီစီယပ်စ်က ဘာလွန်းဒေါဆုကို ရလိမ့်မယ်။ ကာဗာဟယ်လ်လည်း တကယ့်ကို ကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ သူက လာလီဂါ ရထားတယ်။ ချန်ပီယံလိဂ်လည်း ရတယ်။ ဖိုင်နယ်မှာလည်း ဂိုးသွင်းတယ်။ စပိန်နဲ့လည်း ယူရိုဖလား ရသေးတယ်။”

Photo Credit : Fabrizio Romano

“ဒါပေမယ့် ဗင်နီစီယပ်စ်က ထက်မြက်တဲ့ ကစားသမား ၊ ငယ်ရွယ်တယ် ၊ ပုံရိပ်ကောင်းတယ် ၊ လာလီဂါဖလား ရတယ် ၊ ချန်ပီယံလိဂ်လည်း ရခဲ့တယ်။ ဖိုင်နယ်မှာရော ဆီမီးမှာပါ ဂိုးတွေ သွင်းယူခဲ့တယ်။ မြူးနစ်မှာ (၂)ဂိုး သွင်းယူသေးတယ်။ ဂျူဒ့်(ဘယ်လင်ဟမ်)ဟာလည်း ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပြီးတော့ ဒါဟာ အံ့အားသင့်စရာကြီး ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သူက လိဂ်ရဲ့ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါသေးတယ်။”

“ရိုဒရီဟာလည်း အံ့မခန်း ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ပြီးတော့ ချန်ပီယံလိဂ်နဲ့ ယူရိုပြိုင်ပွဲတွေထဲမှာ အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလည်း ဖြစ်ခဲ့သလို ခြေစွမ်းလည်း အမြဲ တသမတ်တည်း ရှိနေသူပါ။” လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Exit mobile version