မန်ချက်စတာယူနိုက်တက်အသင်းမှာ နှစ်ပေါင်းများစွာ နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ပြီး အသင်းအတွက်ကိုလည်း အောင်မြင်မှုများစွာကို သိမ်းပိုက်ရယူပေးနိုင်ခဲ့တဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် နည်းပြဘဝကနေ အနားယူတော့မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ သူရဲ့နေရာမှာ အစားထိုးဖို့အတွက် နည်းပြတစ်ယောက်ကို ဖာဂူဆန်ကိုယ်တိုင် ရှာဖွေခဲ့ပြီး ဒီလိုအစားထိုးဖို့အတွက် သူ့လိုပဲ တကယ့်ထိပ်တန်း နည်းပြကြီးတစ်ယောက်ဖြစ်တဲ့ ကားလို့စ်အန်စလော့တီကို ချိတ်ဆက်ခဲ့ပေမယ့် အန်စလော့တီကတော့ ကမ်းလှမ်းမှုတွေကို ပယ်ချဖြစ်ခဲ့ပါတယ်။

Photo Credit : CBS Sports

ကမ္ဘာကျော် ဘောလုံးနည်းပြကြီးတစ်ယောက်ဖြစ်တဲ့ အန်စလော့တီဟာ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက် ယူနိုက်တက်အသင်းရဲ့နည်းပြရာထူးကို ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း အဲ့ဒီအချိန်တွင်းမှာပဲ ရီးရဲလ်မက်ဒရစ်အသင်းဆီကနေပါ ကမ်းလှမ်းထားတာဖြစ်လို့ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ရပြီး ရီးရဲလ်ကိုပဲ ရွေးချယ်ခဲ့ရတာဖြစ်တယ်လို့ အန်စလော့တီက ပြန်လည်ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အန်စလော့တီက “ခင်ဗျား ကျွန်တော်ယူနိုက်တက်နဲ့ ချိတ်ဆက်မိခဲ့တဲ့အကြောင်းကို သိချင်နေတာမလား”

Photo Credit : News Break

“ကျွန်တော်က ဆာအဲလက်စ်နဲ့ တကယ့်ကို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ရှိနေသေးပြီးတော့ သူနည်းပြဘဝကနေ အနားယူတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်တုန်းကလည်း ကျွန်တော်တို့တွေ ဆုံတွေ့ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော် ရီးရဲလ်မက်ဒရစ်အသင်းကိုပဲ ရွေးချယ်ခဲ့တယ်။ သူ ကျွန်တော့်ကို ယူနိုက်တက်နည်းပြရာထူးအတွက် ဆွေးနွေးပြောဆိုခဲ့တာတွေကိုလည်း ကျွန်တော်အလေးထားပါတယ်” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ အန်စလော့တီဟာ လက်ရှိမှာ အဲဗာတန်အသင်းကို ကိုင်တွယ်လျက်ရှိနေပြီး ဒီနေ့ညမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကာရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို ဆင်နွဲရမှာဖြစ်ပါတယ်။ သူ့အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက်အသင်းနဲ့ပတ်သက်ပြီး အန်စလော့တီက “မန်ချက်စတာယူနိုက်တက်က တကယ့်ကို ထူးခြားကောင်းမွန်လှတဲ့ ကလပ်အသင်းပါ။ ကျွန်တော်ကလည်း ဒီအသင်းနဲ့ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရဖူးတယ်။ ကျွန်တော် ဒီအသင်းကို အများကြီး လေးစားပါတယ်။ ယူနိုက်တက်က မီလန် ရီးရဲလ်မက်ဒရစ်တို့လို တကယ့်ကို သမိုင်းဝင်ကလပ်အသင်းတစ်သင်းပါ။ အားလုံးရဲ့လေးစားမှုကို ပိုင်ဆိုင်ထားတဲ့ အသင်းကြီးမျိုးပါ” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။