စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ သူတို့အသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲ မပါဝင်ပေမယ့် အသင်းရဲ့ သမိုင်းကြောင်းအရ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်း ရှိကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားနိုင်တဲ့ အသင်းတသင်း ဖြစ်သလို သမိုင်းတလျှောက် ပထမဦးဆုံးအကြိမ် ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ်ဆက်တိုက် အရယူနိုင်ခဲ့တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်ထားတဲ့ အသင်းပါ။

Photo Credit: Real Madrid

ဒါကြောင့် ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဘုရင်အဖြစ် သတ်မှတ်ထားကြပေမယ့် ယခုနှစ် ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်း ၅သင်းစာရင်းမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက မပါဝင်ခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ သူတို့အသင်းရဲ့ လူစာရင်းဟာ တချိန်က ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ် ဆက်တိုက် ရခဲ့တဲ့ လူစာရင်းနဲ့ ကွဲပြားသွားတာ မှန်ပေမယ့် အစဉ်အလာအရ သူတို့အသင်းဟာ အခြားအသင်းတွေထက် ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်တဲ့ အခွင့်အရေး ပိုမို များပြားကြောင်း ရှရစ်ဖ်အသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Real Madrid

အန်ဆလော့တီက – “ဒီအသင်းအတွက် ကိုယ်စားပြုခွင့် ရနေတာကိုက ကျွန်တော်တို့ အတွက် ဂုဏ်ယူစရာ တခုပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲက ရှုပ်ထွေး ခက်ခဲတဲ့ ပြိုင်ပွဲတခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီပြိုင်ပွဲကို အကြိမ်ရေ အများဆုံး ရထားတဲ့ အသင်း ဖြစ်တာကြောင့် ဒီဆုဖလားကို ရယူနိုင်ဖို့ အခြားအသင်းတွေထက် ပိုပြီး အခွင့်အလမ်း များပါတယ်။ ဒီအသင်းကို ချန်ပီယံလိဂ်ဆုဖလား ၃နှစ် ဆက်တိုက် ရထားတဲ့ အသင်းနဲ့ နှိုင်းယှဉ်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ကစားသမားတွေက ပြောင်းလဲသွားလို့ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ အခုလိုမျိုး နှိုင်းယှဉ်ရတာကို မကြိုက်ပါဘူး။ ဇီဒန်းက သူ့ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့ လူတဦးပါ။ သူက ချန်ပီယံလိဂ် ဆုဖလားကို ၃နှစ် ဆက်တိုက် ရခဲ့တယ်။ ကျွန်တော်လည်း ချန်ပီယံလိဂ်ဖလားကို နောက်ထပ် တကြိမ် ထပ်ယူချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။