စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် စပိန်လာလီဂါ ပွဲစဉ်(၃၂)မှာ ဆီဗီလားကို အဝေးကွင်းမှာ ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ချေပဂိုးတွေနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းကာ အနိုင်ယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က အမြဲတမ်း နိုင်နေတဲ့ အသင်းပါလို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

လာလီဂါပြိုင်ပွဲရဲ့ အဆင့်၁နေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါ ပွဲစဉ် (၃၂) အဖြစ် အဆင့်၃နေရာက ဆီဗီးလားကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အစောပိုင်း ကစားပုံ အထလေးမှုတွေကြောင့်ပဲ ပထမပိုင်းမှာတင် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit: Marca

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယပိုင်းမှာတော့ ချန်ပီယံအသင်း တသင်းရဲ့ စိတ်ဓာတ်မျိုးနဲ့အတူ ချေပဂိုးတွေ ၊ အနိုင်ဂိုးတွေ ရရှိဖို့ တသင်းလုံး နီးပါး တိုက်စစ်ဆင် ကစားခဲ့ပြီး ကစားပုံ တက်လာမှုရဲ့ အကျိုးဆက်ကြောင့်ပဲ ပွဲကစားချိန် ၅၀မိနစ်မှာ လူစားဝင် ကစားသမား ရိုဒရီဂိုနဲ့ ပွဲကစားချိန် ၈၂မိနစ်မှာ လူစားဝင် နောက်ခံလူ ဖာနန်ဒက်ဇ်တို့က ချေပဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြကာ အဖိုးတန် အနိုင်ဂိုးကိုတော့ အဓိက တိုက်စစ်မှူး ဘန်ဇီမာက ပွဲကစားချိန် ၉၀+၂မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

ဆီဗီးလားလို ကစားပုံ မာကျောတဲ့ ပြိုင်ဘက်အသင်းကို အဝေးကွင်းမှာ ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ၃ဂိုး လိုက်သွင်းကာ အနိုင်ရရှိခဲ့ပြီးနောက် ယခုနှစ် လာလီဂါ ချန်ပီယံဆုက ရီးရဲလ်မက်ဒရစ် အတွက် ဖြစ်သွားပြီလို့ ဆိုနိုင်ကာ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီကတော့ လူတွေဟာ သူတို့အသင်းကို ရှုံးပွဲတွေနဲ့ ကြုံစေချင်နေပေမယ့် သူတို့က အမြဲတမ်း နိုင်နေမှာပါလို့ ဆီဗီးလားကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ခပ်ဝင့်ဝင့် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Marca

အန်ဆလော့တီက – “လာလီဂါ ချန်ပီယံဆု အတွက် စိန်ခေါ်မှုတွေက မပြီးဆုံးသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ နီးစပ်နေပါပြီ။ လူတိုင်းက ရီးရဲလ်မက်ဒရစ် ရှုံးတာကို မြင်ချင်ကြပေမယ့် ကျွန်တော်တို့က နိုင်ပွဲတွေ ဆက်နေဆဲပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။