စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဆီဗီးလားအသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်ဟာ ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း အမွှန်းတင် ချီးကျူးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါပွဲစဉ်(၁၄) အဖြစ် ဆီဗီးလားအသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံကစားခဲ့ရာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါနိုင်ပွဲကြောင့် ရမှတ် ၃၃မှတ်နဲ့ အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့် ရရှိသွားပါတယ်။

Photo Credit: AS English

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ လူငယ် တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ် ဖြစ်ပြီး ဗင်နီးစီးယပ်စ်ရဲ့ ပွဲချိန် ၈၇မိနစ်မှာ သွင်းယူပေးခဲ့တဲ့ ဂိုးကြောင့်ပဲ ရီးရဲလ်မက်ဒရစ်အသင်းဟာ သရေတမှတ်သာ ရရှိမယ့် အခြေအနေ ကနေ ကင်းလွတ်ခဲ့ရတာပါ။

ဗင်နီးစီးယပ်စ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း အတော်လေး တိုးတက်လာသူ ဖြစ်ပြီး ဝါရင့် တိုက်စစ်မှူး ဘန်ဇီမာနဲ့ တွဲဖက်ကာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နေကာ ပြိုင်ပွဲစုံမှာ ပွဲ၂၀ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: AS English

ဒါကြောင့်လည်း ဆီဗီးလားအသင်းနဲ့ ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆလော့တီက ဗင်နီးစီးယပ်စ်ဟာ ထူးခြားတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမား ဖြစ်ကြောင်းနဲ့ ဗင်နီးစီးယပ်စ်ရဲ့ အဆုံးသတ် ဂိုးသွင်းယူမှုအပိုင်း တိုးတက်လာတဲ့အပေါ် ကျေနပ်မိကြောင်းလည်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အန်ဆလော့တီက – “ဗင်နီက အတော်လေးကို ထူးခြားတဲ့ ကစားသမားပါ။ သူ့ရဲ့ သွင်းဂိုးက အရမ်းကို ကောင်းမွန်သလို ကန်ချက်ကလည်း အတော်လေး လှပါတယ်။ ဒီနေ့ပွဲမှာ သူက အလိမ်အခေါက်တွေ လုပ်ပြီး ပွဲရဲ့ အခြေအနေကို မပြောင်းလဲနိုင်ခဲ့ဘူး။ ဒါကြောင့် သူလုပ်ချင်တာတွေ မလုပ်နိုင်ခဲ့ဘူးလို့ ပြောရမယ်။ ဒါပေမယ့် သူက ပွဲကို အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်ဖို့ အတွက် အာရုံစူးစိုက်မှု အပြည့် ရှိခဲ့တယ်။ သူ့ရဲ့ ကစားသမား ဘဝက နောက်တဆင့်ကို တက်သွားပါပြီ။ သူက တယောက်ချင်း ရင်ဆိုင်တွေ့ရတဲ့ အချိန်ဆိုရင် လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း အပြည့် ရှိတာကို ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် အရင်တုန်းက သူ့မှာ သွင်းဂိုးတွေ သွင်းနိုင်တဲ့ အရည်အချင်း နည်းခဲ့ပါတယ်။ အခုတော့ သူ့မှာ ဒီအရည်အချင်း ရှိလာပါပြီ” လို့ အမွှန်းတင် ချီးကျူးသွားခဲ့တာပါ။