စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက သူတို့အသင်းရဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သူ မီလီတာအိုဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် ဗဟိုနောက်ခံလူ မီလီတာအိုက ၂၀၁၉ခုနှစ်မှာ ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တို ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

မီလီတာအိုက ပေါ်တိုကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သူက ရီးရဲလ်မက်ဒရစ် အတွက် ၄နှစ် ကြာအောင် ကစားပေးခဲ့ရာ ချန်ပီယံလိဂ် ၁ကြိမ် ၊ လာလီဂါ ၂ကြိမ် ၊ ဥရောပစူပါဖလား ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ်နဲ့ စပိန်စူပါဖလား ၂ကြိမ်တို့ကို ရရှိခဲ့ပါတယ်။

မီလီတာအိုက ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ခံစစ်ကို ဦးဆောင်နိုင်စွမ်း ၊ သွင်းဂိုးတွေ လိုအပ်ရင် သွင်းယူနိုင်စွမ်း ၊ တဦးချင်း လူကပ် ကစားနိုင်စွမ်းတို့ကြောင့်ပဲ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက သူ့ကို ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ အဖြစ် ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အန်ဆလော့တီက – “မီလီတာအိုက ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူပါ။ ဒါပေမယ့် သူ့မှာ အားနည်းချက်တွေတော့ ရှိပါတယ်။ အဲ့ဒါက သူဟာ တခါတလေမှာ ၁၀၀ ရာခိုင်နှုန်း ပွဲအပေါ် အာရုံမစိုက်တာနဲ့ အရမ်း ရုပ်မချောတာတို့ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မီလီတာအိုရဲ့ ဈေးကွက်တန်ဖိုးက ယူရို ၆၀သန်း ရှိပြီး ရီးရဲလ်မက်ဒရစ်ကတော့ မီလီတာအိုကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။