စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် ဟက်ထရစ် သွင်းယူ ပေးနိုင်ခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အဆန်စီယိုကို ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

လာလီဂါပွဲစဉ်(၆)အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းက မာလာကာအသင်းကို အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အဆန်စီယိုရဲ့ ဟက်ထရစ် ၊ ဘန်ဇီမာရဲ့ သွင်းဂိုး ၂ဂိုး ၊ အစ္စကိုရဲ့ သွင်းဂိုး ၁ဂိုးတို့နဲ့အတူ ၆-၁ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့တာပါ။

Photo Credit: Marca

အဆိုပါပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် တောက်ပခဲ့တဲ့ ကစားသမားကတော့ ဟက်ထရစ်ရှင် အဆန်စီယို ဖြစ်ပြီး အဆန်စီယိုဟာ များပြားလှတဲ့ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားခွင့်နဲ့ အချိန်အတော်ကြာ ဝေးကွာနေခဲ့ပေမယ့် အသင်းဟောင်း မာလာကာအသင်းဘက်ကို ဟက်ထရစ် သွင်းယူခဲ့ပြီး သူ့မှာ အကောင်းဆုံး ခြေစွမ်းတွေ ကျန်နေသေးကြောင်း သက်သေပြခဲ့ပါတယ်။

ပွဲအပြီးမှာတော့ အန်ဆလော့တီက အဆန်စီယိုဟာ အဆုံးသတ် ဂိုးသွင်းယူမှု ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ကြောင်းနဲ့ အခုပုံစံကိုသာ ထိန်းသိမ်းထားပါက လာမယ့် ရက်သတ္တပတ်မှာလည်း ဟက်ထရစ် သွင်းယူနိုင်ဦးမှာ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Marca

အဆန်စီယိုရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အန်ဆလော့တီက – “ကျွန်တော်က အခုလိုမျိုး အသင်းအတွက် တိုက်ခိုက်လိုစိတ် အပြည့် ရှိတဲ့ ကစားသမား အစုအဖွဲ့ကို ကိုင်တွယ်ရတဲ့ အတွက် အတော်လေး ကံကောင်းတယ် လို့ ခံစားမိပါတယ်။ အဆန်စီယိုက အရမ်းကောင်းအောင် ကစားပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က သူဟာ တဖက်အသင်းကို ပြဿနာတွေ အများကြီး ပေးနိုင်တဲ့ ကစားသမားဆိုတာ သိထားသလို သူ့ရဲ့ အဆုံးသတ် ဂိုးသွင်းစွမ်းရည်ကလည်း အရမ်းကို ကောင်းပါတယ်။ သူက အတော်လေး ကောင်းအောင် ကစားနိုင်ခဲ့ပြီး ဒီပုံစံကိုသာ ဆက်ထိန်းထားနိုင်ရင် နောက်တပတ်လည်း ဟက်ထရစ်ရဦးမှာပါ” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။