စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ကို အသည်းခွဲသွားတဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ရပ်တန့်လို့ မရတဲ့ ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ်တို့ ထိပ်တိုက် တွေ့ဆုံနေကြတဲ့ ပွဲဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပွဲတွေအနက် အကောင်းဆုံး ပွဲတပွဲ အဖြစ် သတ်မှတ်ခံထားရပြီး ပြင်သစ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပထမအကျော့ ပွဲစဉ်မှာတော့ ပီအက်စ်ဂျီက အဓိက တိုက်စစ်မှူး အမ်ဘာပေရဲ့ တလုံးထဲသော နောက်ကျ အနိုင်ဂိုးနဲ့အတူ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့ကာ နောက်တဆင့်ဆီ တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

Photo Credit: Fot Mob

ပြင်သစ်မြေမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ နှစ်သင်းစလုံးက အကောင်းဆုံး လူစာရင်းတွေကို အသုံးပြုခဲ့ကြသလို ပွဲကလည်း အကြိတ်အနယ် ရှိကာ ကြည့်ကောင်းခဲ့ပေမယ့် အိမ်ရှင် ပီအက်စ်ဂျီက မက်ဆီ ၊ အမ်ဘာပေ ၊ နေမာတို့ရဲ့ တိုက်စစ်အတွဲကြောင့် ရီးရဲလ်မက်ဒရစ်ဘက်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပြီး နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ် ပြီးဆုံးသောအခါ ရီးရဲလ်မက်ဒရစ် နည်းပြဖြစ်သူ အန်ဆလော့တီက ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေကို အထူးတလည် ချီးကျူးသွားခဲ့ပြီး သူတို့အသင်းဟာ အမ်ဘာပေကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်းလည်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: Fot Mob

အန်ဆလော့တီက – “အမ်ဘာပေက ရပ်တန့်နိုင်ဖို့ ခက်ခဲတဲ့ ကစားသမားပါ။ ကျွန်တော်တို့တွေ သူ့ကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ မီလီတာအိုက အမ်ဘာပေကို ထိန်းချုပ်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် အမ်ဘာပေက ဘယ်လိုအခြေအနေမျိုးမှာမဆို ရလဒ်ကောင်းတွေ ရအောင် ကြိုးစားနိုင်စွမ်း ရှိတဲ့ ကစားသမားမျိုးပါ။ ဒါကိုလည်း သူက နောက်ဆုံးမိနစ်သွင်းဂိုးနဲ့ သက်သေပြခဲ့ပါတယ်” လို့ ပွဲအပြီးမှာ ထုတ်ဖော် ချီးကျူးသွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အပြင်းအထန် ကြိုးပမ်းခဲ့ဖူးတဲ့ အသင်းတသင်း ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အမ်ဘာပေကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။