စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ သူတို့အသင်းဟာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ပြီလို့ အရိပ်အမြွက် ဖွင့်ဟ ပြောပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တဦး ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေပါတယ်။

Photo Credit: Goal

လက်ရှိအချိန်မှာ ပီအက်စ်ဂျီက သူတို့ရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေကို အလွတ်နဲ့ လက်မလွှတ်ရစေဖို့နဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေသလို ရီးရဲလ်မက်ဒရစ်ကလည်း အမ်ဘာပေကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ တတ်စွမ်းသလောက် ကြိုးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက အမ်ဘာပေဟာ သူတို့အသင်းရဲ့ ကစားသမား ဖြစ်နေဆဲပါလို့ ထုတ်ဖော် ပြောကြားခဲ့တာကြောင့် အမ်ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာပဲ ဆက်နေတော့မှာလား ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီက ပိုချက်တီနိုရဲ့ ပြောကြားမှုအပေါ် “တခါတလေ နည်းပြတွေကလည်း လိမ်တတ်တယ်” ဆိုတဲ့ တုံံ့ပြန်ချက်နဲ့အတူ သူတို့အသင်းက အမ်ဘာပေကို ခေါ်ယူနိုင်ခဲ့ပြီ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တဲ့ စကားမျိုးကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အန်ဆလော့တီက – “ပိုချက်တီနိုက အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ ဆက်နေမယ်လို့ ပြောခဲ့တာလား? ကောင်းပါပြီ။ ဒါဆိုရင် ကျွန်တော်က ခင်ဗျားတို့ကို တခု ပြောပြမယ်။ တခါတလေ နည်းပြတွေက အမှန်တရားတွေကို မပြောကြဘူးဗျ” လို့ တုံ့ပြန်စကား ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးကရော အမ်ဘာပေက ပီအက်စ်ဂျီမှာ ဆက်နေမလား ၊ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့သွားမယ်လို့ ထင်ကြလားဗျ။